မက်မန်းမြို့နယ် သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင်တရုတ်နိုင်ငံသား ၁၀ ဦး ထပ်မံဖမ်းဆီးကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိရာ မေ ၁၂ ရက်နှင့် မေ ၁၃ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မေ ၁၄ ရက်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ နေရာတဝိုက် သံလွင်မြစ်ကမ်းတလျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ရာ မေ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် မီတာ ၄၀၀၀၀ ခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျား ၅၀ ပေ အနံ ၂၀ ပေရှိ လုပ်ငန်းသုံးတဲ ၁ လုံး၊ လူနေမိုးကာတဲ ၄ လုံး၊ နားနေဆောင်တဲ ၁ လုံး၊ မီးဖိုဆောင်တဲ ၁ လုံး၊ ဂတ်စ်အိုး ၂၂ လုံး၊ ရေခဲသေတ္တာ ၄ လုံး၊ ထမင်းပေါင်းသေတ္တာ ၁ လုံး၊ လက်ဆွဲမီးစက်အကြီး ၁ လုံးနှင့် DeskTop ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် မေ ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် မီတာ ၄၄၀၀ ခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင်တရုတ်နိုင်ငံသား ၁ ဦးနှင့် မက်မန်းမြို့၏ အနောက်တောင်ဘက်မီတာ ၄၄၅၀၀ ခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား ၉ ဦး ၊ စုစုပေါင်း တရားမဝင်တရုတ်နိုင်ငံသား ၁၀ ဦး တို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
