စပိန်လာလီဂါ-၂(ဒုတိယတန်း) ကလပ် တီနီရိုက်ဖ် (CD Tenerife) အသင်း၏ အသက် ၃၀ အရွယ် တိုက်စစ်မှူး Jesús de Miguel သည် ပွဲကစားနေစဉ်အတွင်း ပြိုင်ဘက်ဂိုးသမားနှင့် ပြင်းထန်စွာ တိုက်မိခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဝမ်းနည်းဖွယ်ရာဖြစ်ရပ်သည် နိုဝင်ဘာလ ၂ ရက်(တနင်္လာနေ့) ညပိုင်းက ကစားခဲ့သည့် တီနီရိုက်ဖ်အသင်းနင့် အက်ဖ်စီအင်ဒိုရာ(FC Andorra) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပွဲကစားနေစဉ် Jesús de Miguel က ဘောလုံးအဝေးပေးချက်ကို လိုက်လံရယူရန် ပြေးထွက်ခဲ့ပြီး FC Andorra အသင်းဂိုးသမား Jesús Owono ကလည်း ဂိုးစည်းပြင်ပအထိ ပြေးထွက်ကာ ဘောလုံးကို ဖျက်ထုတ်ရန် ကြိုးပမ်းခဲ့ရာ နှစ်ဦးစလုံး အရှိန်မထိန်းနိုင်ဘဲ ပြင်းထန်စွာ တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်ကြောင့် (Jesús de Miguel) သည် ကွင်းအတွင်း လှုပ်ရှားမှုမရှိဘဲ လဲကျသွားခဲ့သဖြင့် ကွင်းလယ်ဒိုင်က ဂိုးသမား အိုဝိုနို ကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့ပြီး၊ နှစ်ဖက်အသင်း ၂-၂ ရမှတ် အခြေအနေတွင် ပွဲကို အပြီးတိုင် ရပ်နားခဲ့ရခြင်းဖြစ်သည်။
ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ကွင်းအတွင်း အရေးပေါ် ရှေးဦးသူနာပြုစုမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံအထူးကုသဆောင် (ICU) သို့ ရောက်ရှိပြီးနောက် အခြေအနေကို စိုးရိမ်ရသည့်အဆင့်ဖြင့် ဆက်လက်ကုသပေးခဲ့သော်လည်း နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် အာရုံကြောပိုင်းဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာကာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
