တောင်ကြီး အေးသာယာမြို့တွင် လူဖမ်း ရောင်းစားသောအဖွဲ့ကို ဖမ်းဆီးရမိ

တောင်ကြီးမြို့နယ် အေးသာယာမြို့ တွင် လူငယ်တစ်ဦးကို ဖမ်းဆီးကာ စစ်မှုထမ်းဆောင်ရန်ဟု ဆိုပြီး အကြမ်းဖက်ရိုက်နှက်၍ချုပ်နှောင် ဖမ်းဆီးခဲ့သော လူငယ် ၃ ဦး အဖွဲ့ကို ဖမ်းဆီး ရမိခဲ့ကြောင်း အေးသာယာ ရဲစခန်းထံမှ သတင်း ကြား သိရသည်။

အေးသာယာ ဆည်ဘောင်တွင် မေလ ၁၀ ရက် ညနေပိုင်း အချိန်တွင် ကိုဒိန်းဒေါင် ဆိုသူ ကို အမျိုးသား ၃ ဦးတို့က ကားတစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ထို အမျိုးသား ၃ ဦး တို့က မူးယစ်ဆေးဝါး နှင့် ပတ်သက်သူများကို လိုက်ပြခိုင်းကာ ဆန် ၂ ပြည်ပေးမည်ဟု လိမ်ညာ ခေါ်သွားကြောင်း၊ ကားပေါ်ရောက်သည်နှင့် ၎င်းကို လက်ထိပ်နောက်ပြန်ခတ်ခြင်း၊ ခြေထောက်နှစ်ဖက်ကို သံကြိုးဖြင့် တုပ်နှောင်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ ထို့နောက် ယင်းအမျိုးသား ၃ ဦးသည် ကိုဒိန်းဒေါင်ကို ဟိုပုံးမြို့နှင့် လွိုင်လင်မြို့ကြားရှိ လူသူမရှိသော တောအတွင်းသို့ ခေါ်ဆောင်သွားကာ စစ်တပ်ထဲ ရောင်းစားမည်ဟုဆိုပြီး ရာဘာတုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ခြင်း၊ မျက်နှာကို လက်သီးဖြင့် ထိုးကြိတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရိုက်နှက်ခံရခြင်းကြောင့် ကိုဒိန်းဒေါင်တွင် အပေါ်ဘက် ရှေ့သွား ၄ ချောင်း ကျိုးဒဏ်ရာ၊ ဘယ်ဘက်မျက်စိစောင်း ဖူးရောင်ဒဏ်ရာ၊ ညာဘက်လက်မောင်းနှင့် ကျောကုန်းတို့တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယင်းအမျိုးသား ၃ ဦးက “မင်းကို အေးသာယာရဲစခန်း ပြန်သွားပို့မယ်၊ ကားပေါ်တက်” ဟု ခေါ်ဆောင်သွားစဉ် တောင်ကြီးမြို့အထွက် စစ်ဆေးရေးဂိတ်အရောက်တွင် ကိုဒိန်းဒေါင်က လုံခြုံရေးတပ်ဖွဲ့များထံ အကူအညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အေးသာယာ ရပ်ကွက်(၉) ဆည်ဘောင် မှာပါ၊ ၁၀ ရက် ဖြစ်တာ ညတွင်းချင်း ဖမ်းမိတယ်။ ပုဒ်မ ၃၂၅၊ ၃၆၅ နဲ့ ၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်” ဟု အေးသာယာ ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်လာသူများဖြစ်သည့် အောင်လွှမ်းဝေ၊ အောင်ကိုနှင့် ကိုထွေးတို့ ၃ ဦးကို Daihatsu Gino အမျိုးအစား ခဲရောင်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကာ လက်ရှိတွင် အေးသာယာနယ်မြေရဲစခန်း၌ ပုဒ်မ ၃၂၅ ပြင်းထန် ဒဏ်ရာ ရရှိစေမှု၊ ပုဒ်မ ၃၆၅ မတရား ဖမ်းဆီးချုပ်နှောင်မှု၊ ပုဒ်မ ၁၁၄ တစ်ဦးထပ် ပို အားပေးကူညီမှု တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *