ရန်ကုန်မြို့ရှိ KTV၊ စားသောက်ဆိုင်နှင့် Bar များတွင် သတ်မှတ်ချက်နှင့်မကိုက်ညီဘဲ တီးဝိုင်းများ  ထည့်သွင်းခြင်း ခွင့်မပြုကြောင်း သိရ

ရန်ကုန်မြို့ရှိ KTV၊ စားသောက်ဆိုင်နှင့် Bar များတွင် သတ်မှတ်ချက်နှင့်မကိုက်ညီဘဲ တီးဝိုင်းများ ထည့်သွင်းခြင်း ခွင့်မပြုကြောင်း သိရသည်။

မေ ၁၃ ရက်မှစတင်ကာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ များ ဖြစ်သည့် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ အစရှိသည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးကာ သတ်မှတ်ချက်နှင့်မကိုက်ညီပါက တီးဝိုင်းထည့်သွင်းဖျော်ဖြေခြင်း ခွင့်မပြုကြောင်း သိရသည်။

” ဒေသန္တရအမိန့် ထုတ်ထားတာပေါ့။ တပတ်လောက်ရှိပြီ။ အခုကတော့ ဆိုင်တွေက လိုက်နာမှုအားနည်းလို့ မနေ့ကစပြီး စစ်ဆေးတာပေါ့။ Bar တွေ၊ KTV တွေ၊ စားသောက်ဆိုင်တွေမှာ သတ်မှတ်ချက်နဲ့ ညီမညီ စစ်ဆေးတာပေါ့။ ခိုက်ရန်ဖြစ်ပွားတာတွေရှိတော့ အဲ့ဒါတွေလည်း စစ်ဆေးတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ရန်ကုန်မြို့ရှိ တီးဝိုင်းအချို့ကလည်း ဖျော်ဖြေမှုများ ရပ်နားထားသည်ဟု လူမှုကွန်ရက်တွင် ကြေငြာထားသည်ကို တွေ့ရသည်။

” ဆိုင်တွင် ဖျော်ဖြေရေးအစီအစဉ်များ အကန့်အသတ်မရှိ ရပ်နားထားပါသည်” ဟု ရန်ကုန်မြို့ရှိ Bar အချို့တွင် သီဆိုဖျော်ဖြေနေသည့် တီးဝိုင်းအဖွဲ့တစ်ခုက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ရန်ကုန်မြို့ရှိ Bar အချို့နှင့် စားသောက်ဆိုင်အချို့ကလည်း လတ်တလောတွင် ဆိုင်ကိုဖွင့်လှစ်ထားပြီး တီးဝိုင်းဖြင့်ဖျော်ဖြေခြင်းများကို ခေတ္တရပ်နားထားသည်ဟု သိရသည်။

” လောလောဆယ် ဆိုင်တော်တော်များများကတော့ ခေတ္တရပ်ထားတယ်။ ဆိုင်ဖွင့်ရင် သတ်မှတ်ချက်စည်းကမ်းတွေနဲ့ မကိုက်ညီလို့ တီးဝိုင်းတွေ နားထား တယ်တဲ့။ နောက်ပိုင်း စည်းကမ်းနဲ့အညီ လျှောက် ထားပြီးမှ တီးဝိုင်းတွေ ထည့်ခွင့်ရမှာပေါ့” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ Bar များ၊ KTV များ၊ စားသောက်ဆိုင်များတွင် တီးဝိုင်းများ ထည့်သွင်းပါက သတ်မှတ်စည်းကမ်းချက်နှင့်အညီ လျှောက်ထားရပြီး ည ၁၀ နာရီနောက်ပိုင်း ဖျော်​​ဖြေခွင့်မရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *