အီရန်နှင့်အမေရိကန်နိုင်ငံတို့အကြားမကြာသေးမီကမှ လက်မှတ်ထိုးထားသည့် နားလည်မှုစာချွန်လွှာပါ သဘောတူညီချက်များကို ချိုးဖောက်မှုများရှိနေသည်ဟု အပြန်အလှန် စွပ်စွဲထားစဉ် ထိုနှစ်နိုင်ငံကြား တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။
အမေရိကန်စစ်ဘက်က ဇွန်လ၂၇ ရက်တွင် အီရန်နိုင်ငံရှိ ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်မှုများလုပ်ကာ အမေရိကန်အနေဖြင့်စစ်ရေးအရလုပ်စရာရှိသည်များကို ပြီးမြောက်အောင် မြင်အောင်လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။
ထရမ့်၏သတိပေးမှုထွက်ပေါ်လာပြီး မကြာမီ ဇွန်လ ၂၈ ရက်တွင်အီရန်စစ်ဘက်က ကူဝိတ်နိုင်ငံနှင့်ဘာရိန်းနိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ထားသည်။
နှစ်နိုင်ငံကြားလက်မှတ်ရေးထိုးထားသည့် အချက် ၁၄ ချက်ပါနားလည်မှုစာချွန်လွှာတွင် တိုက်ခိုက်မှုများအားလုံးကို ရပ်တန့်ရမည်ဖြစ်ပြီး အပြီးသတ်ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေစဉ် ရက်၆၀ အတွင်း ဟော်မုရေလက်ကြားကို ကုန်သွယ်သင်္ဘောများ အားလုံးအတွက် ပြန်ဖွင့်ပေးရမည်ဟုပါရှိသည်။
