မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများက ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်မိတ်သဟာယမိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော် သာသနာပြန့်ပွားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
