တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံကြားစစ်ရေးအရဆက်ဆံရေးကို တိုးမြှင့်ဖွယ်ရှိပြီး ထိုအစီအစဉ်အတွက် ရည်ရွယ်သည့် အစီအမံများကို ထုတ်ပြန်သွားနိုင်ဖွယ်ရှိကြောင်း အဆိုပါဆွေးနွေးမှုများနှင့်နီးစပ်သူများ၏ပြောဆိုမှုကို ကိုးကား၍ South China Morning Postက စက်တင်ဘာလ ၁၇ ရက်တွင်ဖော်ပြထားသည်။
ဆွေးနွေးနေသည့် အစီအမံများအနက် နှစ်နိုင်ငံစစ်ဘက်များကြား ဆက်သွယ်ရေးလမ်းကြောင်းများကို ပိုမိုအသက်ဝင်စေရန်နှင့်လက်ရှိသုံးနေသည့် ဆက်သွယ်ရေးယန္တရားများကို အားကောင်းစေရန် ဆောင်ရွက်ရေးပါဝင်ကြောင်းသိရသည်။ ထို့ပြင် နှစ်နိုင်ငံစစ်ဘက်အရာရှိများကြား အဆင့်အမျိုးမျိုးဖြင့် ဆက်သွယ်ဆွေးနွေးမှုများရှိနေပြီး လွန်ခဲ့သည့်လများအတွင်း ထိတွေ့ဆက်ဆံမှုအကြိမ်ရေနှင့် အဆင့်အတန်းမှာလည်း သိသိသာသာမြင့်တက်လာကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် တရုတ်(တိုင်ပေ)သို့ အမေရိကန်၏ လက်နက်ရောင်းချမှုနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည့် လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေးကိုလည်း နှစ်နိုင်ငံက ဆွေးနွေးနေကြောင်း သိရသည်။
နှစ်နိုင်ငံကြား မဟာဗျူဟာနှင့်လုံခြုံရေးဆိုင်ရာ ပြိုင်ဆိုင်မှုများ ဆက်လက်ရှိနေသော်လည်း စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးများ တိုးမြှင့်လာခြင်းသည် နှစ်နိုင်ငံကြား အထင်အမြင်လွဲမှားမှုများနှင့်မလိုလားအပ်သည့် ထိပ်တိုက်တွေ့ဆုံမှုများကိုလျှော့ချရန် အရေးပါသည့်လမ်းကြောင်းတစ်ရပ်ဖြစ်လာနိုင်ကြောင်း သတင်းဌာနကဖော်ပြထားသည်ဟုသိရသည်။ Ref: SCMP
