ညောင်တုန်းကျွန်းတာနှင့် ငဝန်မြစ်ရေကာတာ ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တွင် ဩဂုတ်လ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျား (၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည်တိုက်စားကာ ဆည်မြောင်းတာအိပဲ့ကျမှုဖြစ်ပွားသည်။ အလားတူ အဆိုပါညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)၌ ရေတိုက်စားမှုကြောင့်  တာမိုင် ၁၂/၂ နှင့် ၁၂/၃ ကြားရှိ  စွန့်ပစ်တာ၌ ယနေ့ နံနက်ပိုင်းတွင် အလျား ၁၆၀ ပေခန့် တာပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါ တာကိုယ်ထည်တိုက်စားခံရမှုဖြစ်ပေါ်လျက်ရှိသည့်နေရာများ၌  ယာယီကာကွယ်နိုင်ရန်အတွက် ရေလမ်းသောင်တူးလုပ်ငန်း ဆောင်ရွက်ခြင်း၊ Floating Structure တည်ဆောက်ခြင်း၊ Steel Cable Groyne ဆောင်ရွက်ခြင်း၊ စွန့်ပစ်တာ အလျား ၁၆၀ ပေခန့် ထပ်မံအိပဲ့ပြိုကျသည့်နေရာအား တာခြေထောက်ခြင်း၊ ပန်းတာတည်ဆောက်ခြင်းစသည့် မြစ်ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ခြင်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်နှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ  ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများ အတွင်းရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနှင့်ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့်  ကျောင်းကုန်းမြို့နယ်တို့ရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင် ယနေ့ထိရေဝင်ရောက်မှုများ  ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

အဆိုပါ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများအသုံးပြု၍ Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံ နိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကို  လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအားနယ်မြေခံတပ်မတော်သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့်ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ  ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုအချိန်နှင့်တစ်ပြေးညီဆောင် ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *