NSPNC နဲ့ နိုင်ငံ ရေးပါတီတွေဘာတွေ ဆွေးနွေးခဲ့ကြလဲ

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ဆက်လက်ကျင်းပပြုလုပ်သည်။ 

တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့် နှစ်ဖက်အဆိုပြုချက်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းကြပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ပြင်ဆင်ဖွဲ့စည်းမည့် ကိစ္စအား နိုင်ငံရေးပါတီများ အစုအဖွဲ့ဘက်မှ ရှင်းလင်းတင်ပြသည်။ဆက်လက်၍ အထွေထွေဆွေးနွေးခြင်းကဏ္ဍ၌ နိုင်ငံရေးပါတီကိုယ်စားလှယ်များက ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာမှုရရှိရန် လုပ်ဆောင်သင့်သော အစီအမံများအား အကြံပြုဆွေးနွေးခြင်းကိစ္စရပ်များ၊ ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေကြောင်းအရ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် အစိုးရနှင့်ပြည်သူ လက်တွဲ၍ ကျော်လွှားနိုင်ရေးကိစ္စရပ်များ၊ နိုင်ငံရေးဝါဒမှိုင်းများကြောင့် ဖြစ်ပေါ်လာသော PDF များကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှု များပြားလာစေရေး အကြံပြုတင်ပြခြင်း ကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေးအကြံပြုချက်များအား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ 

ယင်းနောက် ၂ ရက်တာ တွေ့ဆုံဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးခြင်းနှင့် ဆက်လက်ဆွေးနွေးရန် လိုအပ်သည့် နှစ်ဖက်အဆိုပြုချက်များ၊ နှစ်ဖက်ညှိနှိုင်းရရှိသည့် သဘောထားများကို သဘောထားစုစည်းချက်အဖြစ် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *