မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၂၇၉၀ ဒသမ ၅ သိန်း၊ လားရှိုးမြို့တွင် ငွေကျပ် ၇၂ သိန်း၊ညောင်ရွှေမြို့နယ်တွင် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မေလ ၁၈ ရက် ည ၆ နာရီခွဲတွင် သတင်းအရ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်(၁)၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ အောင်သပြေလမ်းနေ သက်နိုင်(၃၆)နှစ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၁၀ ဒသမ ၄၄ ကီလို (တစ်ကီလိုလျှင်ငွေကျပ်သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၂၆၁၀) ဖမ်းဆီးရမိပြီး ကွင်းဆက်အရ ယင်းနေ့ ည ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းချရာတွင် ပူးပေါင်းပါဝင်သူ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ နေတက်(၂၆)နှစ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်မတွေ့ရှိရဘဲ နေအိမ် အတွင်းမှ ဘိန်းဆီခဲ ၆ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၆၂ ဒသမ ၅ သိန်း)၊ ဘိန်းစိမ်း ၂ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၉ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၈ သိန်း)တို့ကိုဖမ်းဆီးရမိသဖြင့် သက်နိုင်နှင့် နေတက်(ဖမ်းဆီးရန်ကျန်)တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
ထို့အတူ မေလ ၂၁ ရက် ညနေ ၃ နာရီ တွင် သတင်းအရ လားရှိုးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ နယ်မြေ(၁၃)နေ ကျင်ရှောင်(၂၇)နှစ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား၂၆၀၀(တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၃ သိန်း)၊ ဘိန်းစိမ်း ၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၇ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၇ သိန်း)နှင့် ဘိန်းဖြူ ၂၆၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၂ သိန်း)တို့ကိုဖမ်းဆီးရမိသဖြင့် ကျင်ရှောင် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားသည်။
အလားတူ မေလ ၂၀ ရက် ညနေ ၄ နာရီခွဲတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ညောင်ရွှေမြို့နယ်၊ မင်းချောင်းကျေးရွာအုပ်စု၊ ပွဲစားကုန်းလယ်ပြင်ကျေးရွာအဝင်လမ်းပေါ်တွင် လမ်းလျှောက်လာသူ ညောင်ရွှေမြို့နယ်၊ နွားဓမကျေးရွာနေ ဇော်လွင်ဦး(ခ)အယ်ဇော် (၄၄)နှစ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၅၀) ဖမ်းဆီးရမိသဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
