ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် မေ ၂၄ ရက်က စစ်မှုထမ်းများ လိုက်ပါလာသည့် ရထားတစ်စင်းကို ပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဘာလိုချီစတန်ပြည်နယ် ကွက်တာမြို့တော်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူများအနက် ကြည်းတပ်မှစစ်သားများလည်း ပါဝင်ပြီး အခြားလူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ဘာလို့ချ် လွတ်မြောက်ရေးတပ် (BLA) စစ်သွေးကြွအဖွဲ့က ထိုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်ကမူ ထိုတိုက်ခိုက်မှုကို သူရဲဘောကြောင်သည့် အကြမ်းဖက်လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခဲ့သည်။
စစ်ဘက်ဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ လိုက်ပါလာသည့် အဆိုပါရထားသည် ကွက်တာမြို့မှ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ပက်ရှဝါမြို့သို့ ဦးတည်မောင်းနှင်နေခြင်းဖြစ်ကြောင်း ဒေသခံအရာရှိက ပြောကြားခဲ့သည်။
ရထားသည် ကွက်တာမြို့ရှိ ချာမန်ပတ်တက်ခ်မီးရထားအချက်ပြတိုင်ကို ဖြတ်သန်းစဉ် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ တင်ဆောင်လာသည့် ကားတစ်စီးက ရထားတွဲတစ်ခုကို ဝင်တိုက်ခဲ့ပြီး ပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အဆိုပါ အရာရှိက ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် အလွန်ပြင်းထန်သဖြင့် အနီးတစ်ဝိုက်ရှိ ကားများနှင့် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်။
