လျှပ်စစ်ကားတစ်စီးလျင်မြန်ဖို့ဆိုတာက မြင်းကောင်ရေများများထည့်လိုက်ရုံနဲ့ မပြီးပါဘူး။ ဖြောင့်တန်းတဲ့လမ်းမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနိုင်တာကတစ်ပိုင်း၊ အကွေ့တွေမှာ အရှိန်မလျှော့ဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့မောင်းနိုင်တာက တစ်ပိုင်းပါ။ အထူးသဖြင့် အလေးချိန်၂ တန်ကျော်ရှိတဲ့ လျှပ်စစ်ကားတစ်စီးကိုကားပြိုင်ကွင်းပေါ်မှာ အမြန်ဆုံးမောင်းနိုင်ဖို့ဆိုတာ အင်ဂျင်စွမ်းအားတစ်ခုတည်းနဲ့မဖြေရှင်းနိုင်တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ အခု တရုတ်နည်းပညာကုမ္ပဏီဖြစ်တဲ့ Xiaomi က ဒီစိန်ခေါ်မှုကို လက်ခံလိုက်ပါပြီ။ ကုမ္ပဏီရဲ့ SU7 Xtreme လျှပ်စစ်ပြိုင်ကားကို ဂျာမနီနိုင်ငံရှိပြိုင်ကွင်းမှာအပြင်းအထန်စမ်းသပ်မောင်းနှင်နေပါတယ်။ကားကိုဖုံးအုပ်ထားတဲ့ ရုပ်ဖျက်အရောင်တွေကိုဖယ်ရှားပြသလိုက်ချိန်မှာတော့ ဒီကားဟာအလှဆင်ပစ္စည်းအနည်းငယ် ပြောင်းထားတဲ့အလှစီးကားတစ်စီးမဟုတ်ဘူးဆိုတာကိုသိလာရပါတယ်။ အထူးသဖြင့်ကားနောက်ဘက်မှာတပ်ဆင်ထားတဲ့ အရွယ်ကြီးမားတဲ့ Spoiler က အာရုံစိုက်စရာပါ။ ငန်းလည်ပင်းဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ အဲဒီ Spoiler ဟာ ပြိုင်ကားတစ်စီးရဲ့အသွင်အပြင်ကို ပိုမိုကြမ်းတမ်းစေသလို အရှိန်မြင့်မောင်းနှင်ချိန်မှာကားကိုလမ်းပေါ် ပိုမိုဖိကပ်နေစေဖို့လည်း ရည်ရွယ် ပါတယ်။ ကားရှေ့ပိုင်းကို အကြီးအကျယ်ပြင်ဆင်ထားတာတွေ့ရပါတယ်။ ဘန်ပါအောက်ခြေမှာလေခွင်းအားထိန်းကိရိယာ ထည့်သွင်းထားပြီး ရှေ့ဘီးအပေါ်ဘက်မှာ လေထွက်ပေါက်တွေ ဖောက်ထားပါတယ်။ အရှိန်မြင့်လာတဲ့အခါ ဘီးအတွင်းလေဖိအားမြင့်တက်ပြီး ကားရှေ့ပိုင်းကို အပေါ်ဘက်ကြွတက်စေနိုင်ပါတယ်။ အဲဒီအခြေအနေမှာ ရှေ့တာယာတွေကလမ်းမျက်နှာပြင်ကို ကောင်းကောင်းမဖိနိုင်တော့ဘဲအကွေ့ဝင်တဲ့အခါထိန်းချုပ်ရခက်လာနိုင်ပါတယ်။ ဘီးအပေါ်ဘက်က လေထွက်ပေါက်တွေက ဒီပြဿနာကိုလျှော့ချဖို့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Xiaomi က အရှိန်တင်နိုင်ဖို့တင်မကအရှိန်မြင့်နေချိန်မှာပါ ကားကို ဘယ်လိုထိန်းမလဲဆိုတာကိုပါ အလေးထားလာတာပါ။ […]