ယူအေအီးနိုင်ငံရှိ ရေနံချက်စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းကို အိန္ဒိယနိုင်ငံက ရှုတ်ချလိုက်ပြီး ဟော်မုဇ်ရေလက်ကြားကို အဟန့်အတားမရှိ ဝင်ခွင့်ရချင်သည်ဟု ပြောကြား

အိန္ဒိယနိုင်ငံက ယူအေအီးနိုင်ငံရှိ ဖူဂျိုင်ရာ စွမ်းအင်စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဟော်မုဇ်ရေလက်ကြားကို အဟန့်အတားမရှိ ဝင်ခွင့်ရချင်သည်ဟု တိုက်တွန်းကြောင်း မေ ၅ ရက်တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖူဂျိုင်ရာစက်ရုံ တိုက်ခိုက်ခံရခြင်းကြောင့် ယင်းစက်ရုံတွင် အလုပ်လုပ်နေသော အိန္ဒိယနိုင်ငံသား သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ယူအေအီးက မေ ၄ ရက်တွင် စွမ်းအင်စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအတွက် အီရန်ကို အပြစ်တင်ခဲ့သည်။

အီရန်အစိုးရပိုင် ရုပ်သံက ကြေညာရာတွင် အစ္စလာမ်မစ်ပြည်သူ့နိုင်ငံအီရန်သည် ယူအေအီးနိုင်ငံရှိ ရေနံချက်စက်ရုံများကို တိုက်ခိုက်ရန် ကြိုတင်စီမံချက်ချထားသည့် အစီအစဉ်မရှိဟု ဖော်ပြခဲ့သည်။

မေ ၅ ရက်ထုတ်ပြန်ချက်တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ရန်ဒါဂျိုင်ဆွာလ်က ဖော်ပြခဲ့ရာ၌ “အဲဒီတိုက်ခိုက်မှု ချက်ချင်းရပ်ဖို့၊ အရပ်ဘက်အဆောက်အအုံတွေကို ပစ်မှတ်ထားတာတွေ ချက်ချင်းရပ်ဖို့၊ အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်တာတွေ ချက်ချင်းရပ်ဖို့ ကျွန်တော်တို့က တောင်းဆိုပါတယ်” ဟု ဖော်ပြခဲ့သည်။

တောင်အာရှနိုင်ငံ အိန္ဒိယသည် စွမ်းအင်သွင်းကုန်ကို များစွာ အားထားနေရသည်။  အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စွမ်းအင်သွင်းကုန်များ ရရှိရေးအတွက် အခက်အခဲများ ကြုံတွေ့နေရသည်။

ကမ္ဘာ့တတိယအများဆုံး ရေနံဝယ်သော နိုင်ငံဖြစ်သည့် အိန္ဒိယသည် နိုင်ငံ၏ရေနံစိမ်းလိုအပ်ချက် တစ်ဝက်ခန့်ကို ဟော်မုဇ်ရေလက်ကြားဖြတ်သန်းပြီးမှ ရရှိသည်။

“ကျွန်တော်တို့က ဟော်မုဇ်ရေလက်ကြားကို လွတ်လပ်ပြီး အဟန့်အတားမရှိ သွားလာရေးနဲ့ ကူးသန်းရောင်းဝယ်ရေးတို့အတွက် တောင်းဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ တောင်းဆိုတာဖြစ်ပါတယ်” ဟု ဂျိုင်ဆွာလ်က ဖြည့်စွက်ဖော်ပြခဲ့သည်။

“အိန္ဒိယဟာ ပြဿနာတွေကို ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းအတွက် ကြိုးပမ်းအားထုတ်မှုအားလုံးကို ပံ့ပိုးပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်” ဟုသူက ဖော်ပြခဲ့သည်။

ရေနံလိုအပ်ချက်များသည့် တရုတ်ကဲ့သို့သော နိုင်ငံနှင့်ယှဉ်လိုက်ပါက အရန်ရေနံ အသင့်အတင့်သာသိုလှောင်ထားသော အိန္ဒိယ၏သွင်းကုန်ရေနံစိမ်းများကို အဓိကမှီခိုမှုကြောင့် အိန္ဒိယသည် ရုတ်တရက်ရေနံစျေးမြင့်တက်မှုဒဏ်ကို အများဆုံးခံရသည့် နိုင်ငံထဲတွင်ပါဝင်နိုင်သည်ဟု လေ့လာသူများက သတိပေးသည်။

သင်္ဘောများသွားလာရာလမ်းကြောင်းကို ခြေရာခံခြင်းနှင့် သွင်းကုန်အချက်အလက်များအရ အိန္ဒိယသည် ရေနံလိုအပ်ချက်ကို မဟာမိတ်ဟောင်းများထံမှ ဝယ်ယူကာ တစ်စိတ်တစ်ပိုင်း ဖြေရှင်းနေသည်ကို တွေ့ရသည်။ နှစ်ချီဝယ်ယူခြင်းမရှိသော နိုင်ငံများထံမှပင် ရေနံများ ပြန်လည်ဝယ်ယူနေရသည်။

အကြီးမားဆုံးသောအခက်အခဲမှာ ရုရှားထံမှ ဝယ်နေသောရေနံစိမ်းကို ဝယ်၍မရသောအခက်အခဲဖြစ်သည်။ အိန္ဒိယက ရုရှားထံမှ ရေနံစိမ်းများ ဝယ်ယူနေခြင်းကို တားဆီးရန်အမေရိကန်က အိန္ဒိယကို ကုန်သွယ်ခွန်များချမှတ်ခဲ့သည်။ ထိုကုန်သွယ်ခွန်များကို ရှောင်သည့်အနေဖြင့် အိန္ဒိယက ရုရှားရေနံစိမ်းများကိုမဝယ်တော့ပေ။

Leave a Reply

Your email address will not be published. Required fields are marked *