KIA နှင့် PDF များ ယာယီစိုးမိုးထားသည့် မော်လူးမြို့ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်

စစ်ကိုင်းတိုင်း​ဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အား မေ ၅ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများသည် အင်းတော်မြို့ကို ဧပြီ ၃၀ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် အဆိုပါဒေသတစ်ဝိုက် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး မော်လူးမြို့အား ဆက်လက်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းများခွဲ၍ ရှင်းလင်းခဲ့ရာ အင်းတော်မြို့နှင့် မော်လူးမြို့အကြားရှိနားမကြိုင်းရွာ၊ ပင့်တင်ရွာနှင့် နဘားကြီးရွာတို့အား မေ ၂ ရက်တွင် လည်းကောင်း၊ ပွိုင့်-၃၀၅ တောင်ကုန်းနှင့် ပင်ဝယ်ရွာသစ်တို့အား မေ ၃ ရက်တွင်လည်းကောင်း၊ တုံလုံရွာနှင့် ဖားပန်ရွာတို့အား မေ ၄ ရက်တွင်လည်းကောင်း အဆင့်ဆင့်ပြန်လည် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး  ယနေ့(မေ ၅ ရက်)တွင် တပ်မတော်စစ်ကြောင်းများသည် စီပိန်းရွာ၊ နားခွင်း ကျင်ရွာ၊ မော်လူးမြို့အား အပြည့်အဝပြန်လည် ထိန်းချုပ်နိုင်ခဲ့​ကြောင်း တပ်မ​တော်၏ သတင်းထုတ်ပြန်မှုအရသိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မော်လူးမြို့နှင့် အဆိုပါ ဒေသတစ်ဝိုက်အား အလုံးစုံပြန်လည်ထိန်းချုပ်ရန် နယ်မြေရှင်းဆောင်ရွက်ခဲ့ရာတွင် သောင်းကျန်း သူများနှင့်ထိတွေ့တိုက်ပွဲများရှိခဲ့ပြီး သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်များ သိမ်းဆည်းရရှိခဲ့သည့်အပြင် သောင်းကျန်းသူများ တရားမဝင် လုပ်ကိုင်နေ သည့် စက်သုံးဆီသိုလှောင်သည့်နေရာများမှ စက်သုံးဆီထည့် သံပေပါခွံများနှင့် ကော် ပေပါခွံများ၊ ဆီလှောင်ကန်များနှင့် မော်တော်ယာဉ်များကို သိမ်းဆည်းရမိခဲ့​ကြောင်း သတင်းထုတ်ပြန်မှုအရသိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ကာ မော်လူး- နန့်စီးအောင်လမ်းပိုင်းအား အမြန် ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်း များကို  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လူးမြို့သည် ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်ပြီး အင်းတော်မြို့၏ မြောက်ဘက် မိုင် ၂၀ အကွာတွင်တည်ရှိကာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ကို ဆက်သွယ်ထားသည့် အချက်အချာကျသည့် ပြည်နယ်ချင်းဆက် လမ်းတစ်လမ်းဖြစ်သော ရွှေဘို – မြစ်ကြီးနား ကားလမ်းဘေး၌ တည်ရှိရာ လမ်းပန်းဆက် သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အရေးကြီးသည့်နေရာတွင် တည်ရှိသည့် ဒေသတစ် ခု ဖြစ်​ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *