နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၁)ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးနှင့် (၁၂)ကြိမ်မြောက် စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် (၁၁)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(အက်ခ်မက်) ထိပ်သီးအစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန်နှင့်(၁၂)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှု(စီအယ်လ်အမ်ဗွီ)ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်မည်ဖြစ်သည်။ 

(၁၁)ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးကို“လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာခေတ်မီ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အက်ခ်မက်ဒေသတည်ဆောက်ကြပါစို့”ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ်ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေး၌ နေပြည်တော်ကြေညာ ချက်နှင့်အက်ခ်မက်ဦးစားပေးစီမံကိန်းများ ပြန်လည်သုံးသပ်ရေးဆိုင်ရာအထူးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်တို့ကိုအတည်ပြုထုတ်ပြန်သွားမည်ဖြစ်သည်။

(၁၂)ကြိမ်မြောက်စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေးကို “စီအယ်လ်အမ်ဗွီနိုင်ငံများအကြားချိတ်ဆက်ဆောင်ရွက်ခြင်း၊ အလားအလာများကို အကျိုး ရှိစွာအသုံးချခြင်းနှင့်သာယာဝပြောသော အနာဂတ်တစ်ခုတည်ဆောက်ခြင်း”ခေါင်းစဉ်ဖြင့် ဗီယက်နမ်နိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အစည်းအဝေး၌ (၁၂)ကြိမ်မြောက်စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေး၏ပူးတွဲကြေညာချက်၊ စီအယ်လ်အမ်ဗွီနိုင်ငံများအကြား အမွေအနှစ်ဆိုင်ရာနှင့် ခေတ်မီကုန်းတွင်းဆိပ်ကမ်းစင်္ကြံဆိုင်ရာအစီအစဉ်များကို  ထုတ်ပြန်သွားမည်ဖြစ်ကြောင်း  သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *