❝ICJ ၏ မဲခွဲဆုံးဖြတ်မှုအပေါ် လိုက်နာရန် မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား❞

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ မဲခွဲဆုံးဖြတ်မှု များနှင့် ပတ်သက်၍ တာဝန်သိနိုင်ငံတစ်ခုအနေဖြင့် လုပ်ဆောင်ရန်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာရန် မသင့်သည်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ပြောကြားသည်။

ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် နိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်ဟူသမျှသည် မိမိ၌အဓိကတာဝန်ရှိသည်ဟု ခံယူထားပြီး နိုင်ငံတော်အား ထိပါးလာသည့် ကိစ္စရပ်မှန်သမျှကို လက်ခံမည်မဟုတ်ကြောင်းလည်း နိုင်ငံတော်သမ္မတကြီးက ထည့်သွင်းပြောကြားခဲ့သည်။

အလားတူ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲတင်သွင်းခဲ့သည့် အမှုကိစ္စသည် မိမိတိုနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲချက်တစ်ခုပင်ဖြစ်ပြီး အဆိုပါအမှုကို တင်သွင်းခဲ့သည်မှ ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် တရားရုံး၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှုများကို အချက်အလက်ခိုင်မာစွာဖြင့်ဆောင်ရွက်ခဲ့ကြောင်းနှင့် လူမျိုးသုဉ်းစေမှု (Genocide) ဟူသည့်အသုံးအနှုန်းအနေဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေကြောင်း ပြောကြားသည်။

ထိုပြင် အာဆီယံနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားထားပြီး ဖြစ်ကြောင်း၊ အာဆီယံပဋိညာဉ်များနှင့် မူဝါဒများကို အဖွဲဝင်နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များက လက်မှတ်ရေးထိုးသဘောတူထားခြင်းဖြစ်ပြီး ယင်းပဋိညာဉ်များနှင့် မူဝါဒများ အသက်ဝင်နေပြီး ပျက်ပြယ်မှုမရှိသရွေ့ ယင်းအပေါ်တွင် အခြေခံ၍သာ လိုက်နာဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍လည်း နိုင်ငံတော်သမ္မတက မိမိတိုအနေဖြင့် နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး အာဆီယံအဖွဲဝင်နိုင်ငံတစ်ခုဖြစ်သဖြင့်လည်း အာဆီယံ၏ ပဋိညာဉ်အတိုင်း အဖွဲဝင်နိုင်ငံများအပေါ် ဆက်လက်ဆက်ဆံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဓိကအားဖြင့် အာဆီယံ အဖွဲဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာကြရန်လိုပြီး အဖွဲဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တည်ဆဲဥပဒေများကိုလည်း လေးစားကြရန်လိုကြောင်းဖြင့်လည်း ပြောကြားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *