တရုတ်ရဲ့ J-35A ကိုယ်ပျောက်တိုက်လေယာဉ် ဘယ်လောက်အထိ စွမ်းအားမြင့်လာဦးမလဲ

တရုတ်နိုင်ငံရဲ့ မျိုးဆက်သစ် J-35A အမျိုးအစားကိုယ်ပျောက်တိုက်လေယာဉ်ဟာ မကြာခင်မှာ အင်ဂျင်စွမ်းပကား၊ လက်နက်တပ်ဆင်နိုင်မှုနဲ့ ရေဒါရှောင်နိုင်စွမ်းတွေ ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ တရုတ်စစ်ရေးလေ့လာသူတစ်ဦးရဲ့ ပြောဆိုချက်အရဆိုရင် အဲဒီတိုက်လေယာဉ်ကို တစ်ကြိမ်တည်းမှာအကြီးအကျယ်ပြောင်းလဲတာမျိုးမဟုတ်ဘဲတစ်ဆင့်ပြီးတစ်ဆင့်အဆင့်မြှင့်တင်သွားမယ်လို့သိရပါတယ်။

တရုတ်နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနတစ်ခုကထုတ်လွှင့်ပြသခဲ့တဲ့ အစီအစဉ်မှာ စစ်ရေးလေ့လာဝေဖန်သုံးသပ်သူ ရှောင်ယုံလင်းကJ-35A အတွက်ဖြစ်နိုင်ခြေရှိတဲ့ ပြုပြင်ပြောင်းလဲနိုင်မှုလေးမျိုးကို ထောက်ပြခဲ့ပါတယ်။ အဲဒီထဲမှာ ပိုမိုစွမ်းအားကောင်းတဲ့ WS-19 အင်ဂျင်တပ်ဆင်ရေး၊ လေယာဉ်အတွင်းမှာသယ်နိုင်တဲ့ လက်နက်အရေအတွက်နဲ့ အမျိုးအစားတိုးချဲ့ရေး၊ အီလက်ထရွန်နစ်စနစ်မြှင့်တင်ရေးနဲ့ ရန်သူ့ရေဒါကနေ ပိုမိုရှောင်တိမ်းနိုင်အောင် ပြင်ဆင်ရေးတို့ ပါဝင်ပါတယ်။

အင်ဂျင်ပိုင်းက အရေးအကြီးဆုံးအချက်တွေထဲက တစ်ခုပါ။ လက်ရှိ J-35A မှာ တပ်ဆင်ထားတဲ့ WS-19 အင်ဂျင်တစ်လုံးဟာတွန်းကန်အား နယူတန် ၉၈၀၀၀ ခန့်ထုတ်ပေးနိုင်ပါတယ်။ အင်ဂျင်နှစ်လုံးပေါင်းလိုက်ရင် တွန်းကန်အား နယူတန် ၁၉၆၀၀၀ နီးပါးရှိလာမှာဖြစ်ပြီးအမေရိကန် F-35A တိုက်လေယာဉ်ပါ F135 အင်ဂျင်ကထုတ်ပေးနိုင်တဲ့ အမြင့်ဆုံးတွန်းကန်အားနဲ့ အနီးစပ်ဆုံးဖြစ်လာပါတယ်။

ဒါပေမဲ့ အင်ဂျင်တွန်းကန်အားချင်း နီးစပ်သွားတာနဲ့ လေယာဉ်နှစ်စင်းရဲ့ စွမ်းဆောင်ရည်တူညီသွားပြီလို့တော့မဆိုလိုနိုင်ပါဘူး။ လေယာဉ်အလေး ချိန်၊ လေခွဲအားနဲ့ တခြားနည်းပညာပိုင်းဆိုင်ရာ အချက်တွေကလည်း ပျံသန်းနိုင်မှုစွမ်းဆောင်ရည်ကို သက်ရောက်မှုရှိပါတယ်။

လက်နက်တပ်ဆင်နိုင်မှုအပိုင်းမှာလည်း အပြောင်းအလဲတွေရှိလာနိုင်ပါတယ်။ J-35A ဟာ လေယာဉ်ကိုယ်ထည်အတွင်း  လက်နက်တွေ ပိုမိုသယ် ဆောင်နိုင်လာမယ်ဆိုရင် ကိုယ်ပျောက်စွမ်းရည်ကို မထိခိုက်စေဘဲ တိုက်ခိုက်ရေးတာဝန်တွေ ပိုမိုထမ်းဆောင်နိုင်မှာပါ။ လက်နက်တွေကို လေယာဉ်အပြင်မှာချိတ်ဆွဲထားရင် ရန်သူ့ရေဒါမှရှာဖွေတွေ့ရှိဖို့ ပိုလွယ်ကူလာနိုင်တာကြောင့် အတွင်းပိုင်းလက်နက်သယ်ဆောင်နိုင်မှုဟာ ကိုယ်ပျောက်တိုက်လေ ယာဉ်အတွက် အရေးပါတဲ့အချက်ဖြစ်ပါတယ်။

ဒါ့အပြင် J-35A တွေဟာ J-20 တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့သာမက ဝေဟင်ကြိုတင်သတိပေးလေယာဉ်တွေနဲ့ပါ ပူးပေါင်းကာသတင်းအချက်အလက်မျှဝေခြင်း၊ ရန်သူ့တည်နေရာရှာဖွေခြင်းနဲ့ ပစ်မှတ်သတ်မှတ်ခြင်းတွေကိုပါလုပ်ဆောင်လာနိုင်ဖွယ်ရှိပါတယ်။ ဒရုန်းတွေကိုထိန်းချုပ်ဖို့အတွက် ထိုင်ခုံနှစ်လုံးတပ်မော်ဒယ်နဲ့  အီလက်ထရွန်နစ်စစ်ဆင်ရေးအတွက် သီးသန့်မော်ဒယ် ထုတ်လုပ်နိုင်ခြေရှိနေတာကိုလည်းတွေ့ရပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်တွေကို တရုတ်ဘက်ကတရားဝင်အတည်ပြုထားတာတော့ မရှိသေးပါဘူး။

J-35A ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃ ရက်က ပေကျင်းမြို့မှာ ပြုလုပ်တဲ့စစ်ရေးပြအခမ်းအနားမှာမြင်တွေ့ရပေမယ့်  ပုံမှန်တပ်ဖွဲ့တာဝန်တွေကို အပြည့်အဝထမ်းဆောင်နိုင်ပြီလို့တော့မသတ်မှတ်နိုင်သေးပါဘူး။ လေယာဉ်အချို့ကို  တပ်မဟာတစ်ခုဆီ ပေးအပ်ထားတယ်လို့သိရပေမယ့် ပုံမှန်စစ်ဆင်ရေးတွေမှာ အသုံးပြုနေပြီလား၊ လေ့ကျင့်ရေးနဲ့ စမ်းသပ်ရေးအဆင့်မှာပဲ ရှိနေသေးသလားဆိုတာကိုလည်း တိတိကျကျမသိရသေးပါဘူး။ သေချာတာကတော့ J-35A ကို တပ်ဖွဲ့တွေမှာ ပုံမှန်အသုံးပြုနိုင်တဲ့အဆင့်ရောက်ဖို့ နောက်ထပ်ခြောက်နှစ်ခန့်ကြာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

J-35A အဆင့်မြှင့်တင်ရေးဟာ တရုတ်နိုင်ငံအတွက် ကိုယ်ပျောက်တိုက်လေယာဉ်တစ်စင်းကို ထုတ်လုပ်နိုင်ရုံထက်ပိုတဲ့ ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။ အင်ဂျင်၊ လက်နက်နဲ့ အီလက်ထရွန်နစ်စနစ်တွေကိုသာ တစ်ဆင့်ပြီးတစ်ဆင့်   မြှင့်တင်လာနိုင်မယ်ဆိုရင်  တရုတ်လေတပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုမိုကျယ်ပြန့်စေနိုင်ပါတယ်။  ဒါပေမဲ့နည်းပညာအဆင့်မြှင့်တင်နိုင်တာနဲ့ လေယာဉ်ကိုအမြောက်အမြားထုတ်လုပ်ပြီး လက်တွေ့စစ်ဆင်ရေးမှာ ထိရောက်စွာအသုံးပြုနိုင်တာကတော့ မတူညီပါဘူး။ အဲဒီအတွက် J-35A ဟာ အမေရိကန်ကလက်ရှိအသုံးပြုနေတဲ့ F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေကို ဘယ်လောက်အတိုင်းအတာအထိ ယှဉ်ပြိုင်နိုင်မလဲဆိုတာကိုဆုံးဖြတ်ဖို့ အချိန်ယူစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ Ref: SCMPထက်မြတ်

Leave a Reply

Your email address will not be published. Required fields are marked *