နွားချေးဆိုတာ လယ်သမားကြီးများအတွက် သီးနှံတွေ အထွက်တိုးဖို့ အနီးကပ်ဆုံး၊ အလွယ်ကူဆုံး၊ တန်ဖိုးအရှိဆုံး ရနိုင်တဲ့သဘာ၀မြေဆွေးပဲဗျာ။ ဘယ်မှာမှ သွားရှာစရာမလိုဘူး။ ကိုယ့်အိမ်ဘေးမှာ ကိုယ်မွေးထားတဲ့ ကျေးဇူးရှင်နွားကြီးတွေက နေ့စဉ်ထုတ်ပေးနေတာဗျာ။ ကိုယ်က အလေးမထားဘူး။ စနစ်တကျ မသိုလှောင်ဘူး။ အကျိုးရှိရှိ မသုံးစွဲဘူးဆိုရင် “ပေးကားပေး၏ မရ” ဆိုသလို နှမြောစရာပဲဗျာ။
ပြောရရင် နွားချေးက အာဟာရတန်ဖိုးအပြည့် ပါဝင်တာဗျ။ အထင်သေးလို့မရဘူး။ နိုက်ထရိုဂျင်ဓာတ် ၁ ဒသမ ၄ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၂ ဒသမ ၁ ရာခိုင်နှုန်း၊ ကယ်လ်ဆီယမ်ဓာတ် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်ဓာတ် သုည ဒသမ ၂ ရာခိုင်နှုန်းနဲ့ ဆာလ်ဖာဓာတ် ၁ ဒသမ ၆ ရာခိုင်နှုန်း၊ အခြားအနည်းလို အာဟာရဓာတ်တွေလည်း ပါဝင်တယ်ဗျ။ ပြီးတော့ မြေဆွေးဓာတ်ကလည်း ၇၅ ရာခိုင်နှုန်းအထိ ပါဝင်တာတွေ့ရတယ်။ အဖိုးတန်တဲ့နွားချေးကို စနစ်တကျမသိုလှောင်ဘဲ မိုးရွာအစို၊ နေပူအခြောက် ပေယျာလကန်ပစ်ထားရင် အချိန်တန် နွားချေးကို လယ်ထဲယာထဲ ထည့်တဲ့အခါ အစာအာဟာရဓာတ်မရှိတော့ဘဲ နွားချေးခြောက်သာ ဖြစ်နေတယ်။ ဘာမှ အကျိုးမခံစားရတော့ပါဘူး။
ဒီတော့ နွားချေးကို စနစ်တကျ သိုလှောင်သုံးစွဲနည်းလေး အကြံပြုပေးခဲ့ပါမယ်ဗျာ။
၁။ နွားတဲဘေး၊ နွားတင်းကုပ်ဘေး တံစက်မြိတ်အောက်မှာ အရှည် ၁၀ ပေ၊ အကျယ် ၆ ပေ၊ အနက် ၅ ပေ (နွားကောင်ရေအလိုက် အရွယ်အစားကို ပြုပြင်သုံးနိုင်) နွားချေးကျင်းတူးပါ။
၂။ တူးလို့ရတဲ့မြေကို ကျင်းထဲသို့ ရေမဝင်အောင် ပတ်ပတ်လည် ကန်သင်းအဖြစ် ဖို့ပေးပါ။
၃။ နွားတဲ၊ နွားတင်းကုပ်နဲ့ တစ်ဆက်တည်းကျင်းကို မိုးရေလုံအောင်အမိုး (အဖီ) ဆွဲချပေးပါ။ နေ့စဉ်ရလာတဲ့ နွားချေး၊ နွားခွာစာကပ်၊ နွားချေးအမှုန့်၊ အမှိုက်သရိုက်တွေ ကျင်းထဲထည့်ပါ။
မိမိအိမ်ပတ်ဝန်းကျင်မှာရှိတဲ့ ဆွေးလွယ်တဲ့ သစ်ရွက်၊ အမှိုက်သရိုက်၊ မီးဖိုချောင် စားကြွင်းစားကျန်တွေကိုလည်း ထည့်ပါ။ တစ်ပတ်ပြည့်တဲ့အခါ ကျင်းထဲမှာ အိကျသွားပါ့မယ်။ အဲ့ဒါကို ထွန်ခြစ်နဲ့ ဆွဲညှိပေးပါ။ ညှိပြီးရင် ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်း တစ်ပြည်ခန့် အပေါ်မှ ညီညာအောင် ပက်ဖြူးပေးပါ။ အီးအမ်ဖျော်ရည်ရှိလျှင် (သို့) မရှိလျှင် တင်လဲရည် ကျိုပြီး ဖျန်းပေးပါ။ ၎င်းအပေါ်မှ နောက်ထပ်နေ့စဉ်ရလာတဲ့ နွားချေးနဲ့ သစ်ရွက်ခြောက်၊ အမှိုက်သရိုက်တွေ ထပ်ထည့်ပါ။ ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်း တစ်ပြည်ခန့် ထပ်ပက်ပေးပါ။ ဒီနည်းအတိုင်း နွားချေးကျင်းပြည့်လာတဲ့အထိ ဆောင်ရွက်ပါ။
ဒီလိုဆောင်ရွက်တဲ့အခါမှာ ကျင်းအတွင်းမှာ အကျိုးပြုဘက်တီးရီးယားလေးများ ပွားလာပြီး နွားချေး၊ အမှိုက်သရိုက် အားလုံးဆွေးမြည့်သွားပါလိမ့်မယ်။ ဒီအခါမှာ အာဟာရနဲ့ပြည့်၀ပြီး အလွန်တန်ဖိုးရှိတဲ့ နွားချေးမြေဆွေး ရရှိလာပါတယ်။ ဒီနွားချေးကျင်းဟာ မိမိအိမ်နောက်ဖေးမှာ အဖိုးတန်တဲ့နွားချေးမြေဆွေးအမြဲထုတ်ပေးနေမည့် မြေဆွေးစက်ရုံတစ်ရုံ တည်ထားသလို မိမိကို ရေရှည်အကျိုးပြုနေပါလိမ့်မယ်ဗျာ။
