အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ် နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် အမြင့်ဆုံးရောက်ရှိနိုင်၊ လာမည့်နွေရာသီ၌ အပူချိန်မြင့်မားမှုနှင့် ရေရှားပါးမှု သတိပြုရန်လို

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ် သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထု ဖြစ်စဉ်များမှာ အားအလွန်ကောင်းသော အယ်လ်နီညို အခြေအနေတွင် ဆက်လက်တည်ရှိနေသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကိုအခြေခံ၍ ခန့်မှန်းသုံးသပ်ချက်များအရ ၂၀၂၆ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

ကမ္ဘာ့မိုးလေဝသအဖွဲချုပ် (WMO) နှင့် နိုင်ငံတကာရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များအပေါ် အခြေခံသုံးသပ်ချက်အရ အီကွေတာအနီး အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ပုံမှန်ထက် ၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ ၂ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်နေပြီး အယ်လ်နီညိုဖြစ်စဉ်မှာ အားအလွန်ကောင်းသည့်အဆင့်တွင် ရှိနေကြောင်း ဖော်ပြထားသည်။

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညို ဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်း ဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်များ  မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက်မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။

အကြံပြုချက်

အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများ၌ အပူချိန် မြင့်မားခြင်းနှင့် ရေရှားပါးမှုများဖြစ်ပေါ်လာနိုင်ပြီး မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်များတွင် ရေနည်းပါးနိုင်ခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေပြတ်လပ်ခြင်း၊ ရေမလုံလောက်မှုများ ဖြစ်ပေါ် လာနိုင်ခြင်း၊ အပူရှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ရေရှားပါးမှုမှတစ်ဆင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခြင်း၊ ရေလှောင်တမံများတွင် ရေဝင်နည်းပါးခြင်းကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းသွားနိုင်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မြင့်မားလာခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် အကြံပြုအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *