ဆော်ဒီအာရေဗျနိုင်ငံ၏ (၉၆)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို စက်တင်ဘာလ ၂၃ ရက်ည ၆ နာရီတွင် ရန်ကုန်မြို့ Lotte Hotel ရှိ Crystal Ballroom ၌ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း တက်ရောက်သည်။ ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad Al Howishan နှင့် တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်သည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad Al Howishanနှင့် ပြည်ထောင်စုဝန်ကြီး ဦးတင် အောင်စန်းတို့က နှုတ်ခွန်းဆက်စကားပြောကြားသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် ဆော်ဒီအာရေဗျနိုင်ငံ၏ (၉၆)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ကိတ်မုန့်ကိုလှီးဖြတ်ပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။အဆိုပါအခမ်း အနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ မြဝတီ
