အမေရိကန်က အီရန်ရဲ့မြေပြင်ထောက်ပံ့ရေးလမ်းကြောင်းကို ပစ်မှတ်ထားမည်ဟုဆို

အမေရိကန်အလယ်ပိုင်းဒေသစစ်ဌာနချုပ်ကအထူးတပ်ဖွဲ့အသစ်တစ်ခုကိုဖွဲ့စည်းလိုက်တယ်လို့ဆိုပါတယ်။အဲဒီအထူးတပ်ဖွဲ့အနေနဲ့အီရန်ရဲ့မြေပြင်ထောက်ပံ့ရေးလမ်းကြောင်းတွေကိုပစ်မှတ်ထားပြီးဟန့်တားမှုတွေလုပ်ဆောင်သွားမှာပါ။အဲဒီအထူးတပ်ဖွဲ့ကိုတော့သံမဏိတံခါးလို့အမည်ပေးထားပါတယ်။

လက်ရှိမှာ အမေရိကန်စစ်ဘက်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့မှုတွေလုပ်ထားပါတယ်။ ဒီလိုမျိုးပိတ်ဆို့မှုတွေပိုမိုခိုင်မာလာစေဖို့အတွက်သံမဏိတံခါးတပ်ဖွဲ့ကမြေပြင်ပိတ်ဆို့ရေးတွေကိုပါလုပ်ဆောင်သွားမှာဖြစ်တယ်လို့ အမေရိကန်အလယ်ပိုင်းဒေသစစ်ဌာနချုပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီးဘရတ်ကူးပါးက‌ပြောပါတယ်။

သံမဏိတံခါးအမည်ရှိ အထူးတပ်ဖွဲ့ကို ဖလော်ရီဒါပြည်နယ်ရှိတမ်ပါမြို့မှာ အခြေစိုက်သွားမှာဖြစ်ပြီး အရပ်ဘက်နဲ့စစ်ဘက်ဝန်ထမ်းအယောက် ၂၀ ခန့်နဲ့လည်ပတ်သွားမှာပါ။ သူတို့အနေနဲ့ အမေရိကန်ရဲ့အခြားဌာနတွေနဲ့ပေါင်းစပ်ပြီး လုပ်ငန်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အလယ်ပိုင်းဒေသစစ်ဌာနချုပ်ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

အဓိကအားဖြင့် အီရန်ရဲ့မြေပြင်ထောက်ပံ့ရေးလမ်းကြောင်းတွေမှာ အဆင့်မြင့်စစ်လက်နက်စနစ်တွေလှုပ်ရှားရွှေ့ပြောင်းမှု၊ အရပ်ဘက်-စစ်ဘက်သုံးနည်းပညာများပြောင်းရွှေ့မှု၊ ပိတ်ဆို့ခံထားရတဲ့ကုန်ကြမ်းပစ္စည်းများဝင်ရောက်မှု၊တရားမဝင်ငွေကြေးစီးဆင်းလည်ပတ်မှုတို့ကို စောင့်ကြည့်တားမြစ်သွားမှာဖြစ်ပါတယ်။

အီရန်အစိုးရဘက်က လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအဆုံးသတ်စေဖို့အတွက် အမေရိကန်ဘက်ကလိုက်လျောပေးရမယ့်အချက်တွေကို ထုတ်ပြန်ဖော်ပြပေးထားတာရှိပါတယ်။ အဲဒီထဲမှာ အီရန်အပေါ်ရေတပ်ပိတ်ဆို့မှုတွေဖယ်ရှားပေးဖို့ကလည်း တောင်းဆိုချက်တစ်ခုအနေနဲ့ပါဝင်ပါတယ်။ အမေရိကန်ကသာ အီရန်ရဲ့တောင်းဆိုချက်ကိုလိုက်လျောမယ်ဆိုရင် အီရန်ဘက်ကလည်း ဟော်မုရေလက်ကြားကိုပြန်ဖွင့်ပေးသွားမယ်လို့ ဆိုပါတယ်။ဒါပေမဲ့ အီရန်အနေနဲ့ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကို အောင်မြင်စွာကျော်လွှားနိုင်နေတယ်လို့လည်း သတင်းဌာနတချို့ကဖော်ပြထားပါတယ်။  Ref: RT

Leave a Reply

Your email address will not be published. Required fields are marked *