မြေအောက်တမံကိုသိသူနည်းသည်။ တမံသည် အတားအဆီးဟုအဓိပ္ပာယ်ရရာ မြေအောက်တမံသည် မြေအောက်အတားအဆီးဖြစ်သည်။ ဘာကိုတားသလဲဆိုရင် ရေကိုတားခြင်းဖြစ်သည်။ ဘာအတွက်တားသလဲဆိုရင် တမံအနီးနေလူများ သောက်ရေသုံးရေရဖို့တားသည်။ သဲချောင်းများတွင် မြေအောက်တမံဆောက်၍ရေအလွယ်တကူရယူနိုင်သည်။
မြန်မာနိုင်ငံမိုးနည်းရေရှားဒေသများတွင် သဲချောင်းများရှိသည်။ မိုးရွာပြီး တောင်ကျရေများ ဆင်းလာသောအခါ သဲချောင်းများထဲတွင် ရေတဟုန်ထိုးစီးသည်။ နွေတွင်ရေမစီးတော့သော်လည်း သဲထုထဲတွင် ရေကျန်အမြောက်အမြားရှိသည်။ မမြင်သာသော်လည်း သဲထု၏ ၄၀ ရာခိုင်နှုန်းခန့်သည် ရေများဖြစ်ကြသည်။
သဲချောင်းအနီးရှိရွာများသည် သဲထုအတွင်းကျန်သောရေများကို လက်ယက်တွင်းများတူး၍ ခပ်သုံးကြသည်။ မိုးကုန်စတွင် ပြဿနာမရှိလှသေးသော်လည်း နွေတက်၍အပူရှိန်ပြင်းလာသည်နှင့်အမျှ အထုတ်များသဖြင့် ကျန်နေသောရေများ တဖြည်းဖြည်းနည်းလာသည်။ တွင်းများက ပို၍နက်သွားသည်။ တွင်းထဲရေဝင်တာ အချိန်ပိုကြာလာသည်။ ရွာကလူတွေ လက်ယက်တွင်းဘေးတွင် စောင့်၍ရေခပ်ကြရသည်။ တချို့ရွာများတွင် ည ၈ နာရီ၊ ၉ နာရီအထိစောင့်၍ခပ်မှ ရေရကြသည်။
သည်လိုနေရာများတွင် မြေအောက်တမံက ရေအခက်အခဲကိုဖြေရှင်းပေးနိုင်သည်။ ရေစီးလမ်းကြောင်းကို ကန့်လန့်ဖြတ်၍ သဲပြင်အောက်တွင် တမံတုတ်ထားလိုက်လျှင် မိုးရေများ အောက်ဘက်သို့ စီးမသွားတော့သဖြင့် နွေအထိရေကျန်နေမည်။ သဲချောင်းကျယ်လျှင်ကျယ်သလောက် ရေကျန်များမည်။
မြေအောက်တမံကို အုတ် ကွန်ကရစ်တို့ဖြင့်ဆောက်နိုင်သကဲ့သို့ ရွှံ့စသောရေမစိမ့်နိုင်သည့်မြေမျိုးဖြင့်လည်း ဆောက်နိုင်သည်။ နည်းပညာကလည်းခက်ခက်ခဲခဲမဟုတ်။ သဲချောင်း၏အောက်ခံမြေမာအထိတူးချ၍ တမံဆောက်လိုက်ရုံပင်ဖြစ်သည်(ပုံများကိုကြည့်ပါ)။ မြေပေါ်တမံကို သူ့နောက်ကရေဖိအားကိုခံနိုင်အောင် ဆောက်ရသော်လည်း မြေအောက်တမံသည်မူ သဲများကနှစ်ဖက်ညှပ်နေ၍ မပြိုနိုင်။
တမံမရှိမီ ချောင်းအောက်ဘက်သို့စီးသွားသည့်ရေများကို တမံကို ထိန်းထားလိုက်သည်။ သို့ဖြင့် နွေတွင် ရေကျန်အမြောက်အမြားပိုရသည်။ မြေအောက်တမံကို စနစ်တကျဆောက်ရန် ဒေသတွင်းတာဝန်ကျ ဆည်မြောင်းအင်ဂျင်နီယာ၊ ဘူမိဗေဒပညာရှင်တို့က အကြံပေးနိုင်၊ ကူညီကြီးကြပ်ပေးနိုင်သည်။
မြေအောက်တမံများကို အာဖရိကနိုင်ငံအများအပြား၊ အီရန်၊ အိန္ဒိယ၊ ထိုင်း၊ ဘရာဇီး၊ အမေရိကန်အနောက်တောင်ပိုင်းပြည်နယ်များ၊ ဂျပန်စသည်တို့တွင် တွေ့နိုင်သည်။

မြေအောက်တမံ၏ တည်ဆောက်မှုအားသာချက်များမှာ-
- တည်ဆောက်မှု နည်းပညာလွယ်ကူခြင်း
- တည်ဆောက်ရေးပစ္စည်းရရှိနိုင်မှု လွယ်ကူခြင်း
- တည်ဆောက်မှု ကုန်ကျစရိတ် သက်သာခြင်း
- ထိန်းသိမ်းသန့်ရှင်းမှုလုပ်ငန်းများ ရှင်းလင်းလွယ်ကူခြင်း
- ပြန်လည်ပြုပြင်ရန်လည်း လွယ်ကူခြင်း
- တမံခိုင်မြဲမှု၊တမံကျိုးပေါက်မှုတို့အတွက် စိုးရိမ်ဖွယ်မရှိခြင်း
မြေပေါ်တမံများကဲ့သို့ အငွေ့ပျံဆုံးရှုံးမှု မရှိခြင်း - သဲကြားတွင် သိုလှောင်ထားသောကြောင့် ရေစစ်ထားသကဲ့သို့ဖြစ်ကာ ရေထု ညစ်ညမ်းမှု လျော့နည်းခြင်း နှင့် ကျန်းမာရေးအတွက် သင့်တော်သောရေများဖြစ်ခြင်း
- ရေစိမ့်ယိုဆုံးရှုံးမှုနည်းပါးခြင်း နှင့် ရေအနည်းငယ်ယိုစိမ့်ခြင်းကြောင့် ထိခိုက်မှုမရှိခြင်း
- နုန်းတင်မှု နည်းပါးခြင်း
- မြေအောက်တမံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအားသာချက်များမှာ-
- မြေပေါ်တမံများကဲ့သို့ တမံအတွင်းနစ်မြုပ်ဧရိယာ (Basin Area)မရှိခြင်း
- မြေပေါ်စီးဆင်းရေအား ထိခိုက်မှုမရှိသဖြင့် အောက်ဘက် မြစ်ချောင်းများအတွင်းသို့ စီးဝင်ရေ (Inflow) လျော့နည်းမှုမရှိခြင်း
- မြစ်ချောင်းများ၏သက်စောင့်ရေ (Environment Flow) အား ထိခိုက်လျော့နည်းစေမှု မရှိခြင်း
- သဲချောင်းကြမ်းပြင်အထိသာ ပိတ်ထားခြင်းဖြစ်၍ ရေနေသတ္တဝါများ၏ ရွှေ့ပြောင်း လမ်းကြောင်း (Migration Route)များအား ထိခိုက်မှုမရှိခြင်းနှင့် ဇီဝမျိုးကွဲများ (Bio diversity) ဆုံးရှူံးမှုမရှိခြင်း
- မြေအောက်ရေမျက်နှာပြင်မြင့်လာခြင်းကြောင့် ပတ်ဝန်းကျင်အား စိမ်းလန်းစိုပြေ၍ စိုက်ပျိူးဖြစ်ထွန်းစေခြင်း
အားနည်းချက်များတွင်မူ ရေသီးသန့်သိုလှောင်ခြင်းမဟုတ်ဘဲ သဲထုအတွင်း ၂၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်း အထိပျော်ဝင်ရေအားသာထိန်းသိမ်းရမှုကြောင့် မြေပေါ်တမံများနှင့်နှိုင်းယှဉ်လျှင် သိုလှောင်ပမာဏ လျော့နည်းမည်ဖြစ်သည်။မြေပေါ်ရေမဟုတ်သော ကြောင့် မြောင်းများဖြင့် ရေသွယ်ယူစိုက်ပျိုးနိုင်ရန်လည်း ခက်ခဲမည်ဖြစ်ပါသည်။ထိုအားနည်းချက်အားအဝီစိ တွင်းများ၊ နေရောင်ခြည် ဆိုလာစွမ်းအင် သုံး ရေတွင်းများနှင့် တွဲဖက်အသုံးပြုခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။
မည်သည့်အရာတွင်မဆို အားသာချက် အားနည်းချက်တို့သည် ဒွန်တွဲ တည်ရှိတတ်ကြသည်ဖြစ်သော ကြောင့် တည်ဆောက်ပြီးမြေအောက် တမံတို့၏ အကျိုးကျေးဇူးများ၊စိန်ခေါ်မှု ပြဿနာများ အားလည်း စနစ်တကျ စောင့်ကြည့်၍ လိုအပ် ချက်များရှိပါက ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အညာဒေသကမြေအောက်တမံများ
လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ညောင်ဉီးမြို့ နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ နတ်မောက် မြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်များအတွင်းရှိ သဲချောင်းများတွင် စုစုပေါင်း မြေအောက်တမံ ၂၁ ခု တည်ဆောက် ပြီးစီး၍ ကျေးရွာ ၆၆ ရွာမှ ဒေသခံပြည်သူ ၄၇၆၃၂ ဉီးခန့်၏ နွေရာသီရေရှားပါးမှု အခက် အခဲများအား ဖြေရှင်းပေးလျက်ရှိပါသည်။
ဆက်လက်၍လည်း မန္တလေးတိုင်း ဒေသကြီးအတွင်း တန်ဖိုးနည်းမြေ အောက်တမံ ၁၁ ခုနှင့် မကွေးတိုင်းဒေသကြီးအတွင်း ၁၀ ခုခန့် ထပ်မံတည်ဆောက်၍ ကျေးရွာနေတောင်သူ များ၏ ရေရှားပါးမှုနှင့် စိုက်ပျိုးရေအခက်အခဲအား ဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ပျော်ဘွယ်မြို့နယ်တွင် ၂ ခု၊ ရမည်းသင်းမြို့နယ်တွင် ၄ ခု၊ ဝမ်းတွင်းမြို့နယ်တွင် ၂ ခု၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၁ ခုနှင့်ညောင်ဉီးမြို့နယ်တွင် ၁ ခု တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ၁၁ ရွာ၊ အိမ်ထောင်စု ၃၈၀၀ စု၊ လူဉီးရေ ၁၆၅၈၂ ဉီးတို့၏ သောက်သုံးရေဖူလုံမှုနှင့် စိုက်ပျိုးရေဖြည့်စွက်ထောက် ပံ့နိုင်မှုတို့အတွက် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။
မကွေးတိုင်းဒေသကြီးအတွင်းတွင်လည်း မကွေးမြို့နယ်တွင်၆ ခု၊ မြို့သစ်မြို့နယ်တွင် ၁ ခု၊ တောင်တွင်းကြီးမြို့နယ်တွင် ၁ ခု၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၁ ခုတည်ဆောက်ရန် ဆောင်ရွက်လျက် ရှိပြီး ကျေးရွာ ၁၅ ရွာ၊ အိမ်ထောင်စု ၅၉၀၇ စု၊ လူဉီးရေ ၂၄၅၁၄ ဉီးတို့၏ သောက်သုံးရေနှင့် စိုက်ပျိုးရေဖြည့်စွက်ထောက်ပံ့နိုင်မှုအား အကျိုးပြုမည်ဖြစ်ပါသည်။ အဆိုပါ မြေအောက်တမံ တည်နေရာ များအား အသေးစိတ် မြေပြင်တိုင်း တာခြင်းနှင့် ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်းများ ဆောင်ရွက်၍ အကျိုးကျေးဇူးရရှိနိုင်မှု အခြေအနေပေါ်မူတည်၍ ဉီးစားပေးအစီအစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၎င်းတို့ကို တည်ဆောက်ပြီးပါက မြန်မာနိုင်ငံတွင် မြေအောက်တမံ ၄၂ ခု ရှိလာမည်ဖြစ်ပါသည်။

အချုပ်အားဖြင့် မြေအောက်တမံတည်ဆောက်ခြင်းသည် မြန်မာ့အပူပိုင်းဒေသသဲချောင်းများနှင့် အလွန်သင့်တော်သော ရေအရင်းအမြစ်စီမံသုံးစွဲမှုဖြစ်ပါသည်။ ထို့ကြောင့် အပူပိုင်း ရပ်ဝန်းဒေသတစ်ခုလုံးအား လွှမ်းမိုးခြုံငုံသည့် စီမံကိန်းအဖြစ် ဆက်လက် အကောင်အထည်ဖော် တည်ဆောက်ခြင်း၊အားသာချက် အားနည်းချက်များအား စောင့်ကြည့်မှတ်တမ်းတင်၍ စနစ်တကျ ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် အညာမြေစိုက်ပျိုးရေအား ထောက်ပံ့ပေးနိုင်ကာ မြေကြီးက ရွှေသီးလာနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
