နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်တို့ နှစ်နိုင်ငံပူးတွဲကြေညာချက်များနှင့်အပြန်အလှန်ပြောကြားချက်များ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ပြောကြားရာတွင် ချစ်ခင်မြတ်နိုးအပ်ပါသောသူငယ်ချင်း ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်ကို ရုရှားနိုင်ငံမှာ ထပ်မံတွေ့ဆုံခွင့်ရရှိသည့်အတွက်ဝမ်းမြောက်ပါတယ်။ ရုရှား-မြန်မာဆက်ဆံရေးသည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုအပေါ်တွင်အခြေခံနေပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် တရားမျှတမှု၊  အပြန်အလှန်လေးစားမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းစေမှုတို့အပေါ်တွင်မူတည်ပါတယ်။ ၁၉၅၀-၁၉၆၀ ပြည့်နှစ်များအတွင်း မြန်မာနိုင်ငံက လူမှုရေး၊ စီးပွားရေးနှင့်ကာကွယ်ရေးကဏ္ဍများ အတွက် အကူအညီများစွာပေးခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံခေတ်က မြန်မာနိုင်ငံမှာတည်ဆောက်ပေးခဲ့တဲ့ ကြီးမားတဲ့အခြေခံအဆောက်အအုံဖြစ်တဲ့ ဆေးရုံ၊ တက္ကသိုလ်တွေဟာ ယနေ့အထိ မြန်မာပြည်သူများကို အကျိုးပြုလျက်ရှိတာကို အထင်အရှားတွေ့မြင်နိုင်ပါတယ်။ အဓိကအနေဖြင့် လက်ရှိအချိန်အထိ ရုရှား-မြန်မာဆက်ဆံရေးသည် တိုးတက်ခိုင်မာလျက်ရှိသည်ကိုပြောကြားလိုပါတယ်။ နှစ်နိုင်ငံအစိုးရအချင်းချင်းဆက်သွယ်မှုများ များစွာရှိပါတယ်။ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများ အချင်းချင်း စနစ်တကျဆက်သွယ်ဆက်ဆံမှုများဆောင်ရွက်နေပါတယ်။ လုံခြုံရေးကောင်စီအကြား၊ ပါလီမန်များအကြား၊ ပါတီများအကြား တွေ့ဆုံဆွေးနွေးမှုများလည်း စဉ်ဆက်မပြတ်ဆောင်ရွက်နေပါတယ်။ နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီမံကိန်းများစွာကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်နေပြီး ဒီနေ့လည်းဆွေးနွေးနိုင်ခဲ့ပါတယ်။

နိုင်ငံတကာရေးရာကိစ္စရပ်များကိုလည်း ဒီနေ့ဆွေးနွေးနိုင်ခဲ့ပါတယ်။ ရုရှား-မြန်မာနှစ်နိုင်ငံအစိုးရအချင်းချင်း၊ ဌာနများအချင်းချင်းအကြား  သဘော တူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား ယုံကြည်မှုရှိတဲ့ခိုင်မာတဲ့ငွေပေးချေမှုစနစ်ရှိပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာ စွမ်းအင်ကဏ္ဍဟာ အရေးကြီးတဲ့ကဏ္ဍဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ  ကျောက်မီးသွေးစက်ရုံ၊ ရေနံချက်စက်ရုံစီမံကိန်းများရှိပါတယ်။

ဒါ့အပြင်  မြန်မာနိုင်ငံမှာ သဘာဝသယံဇာတရှာဖွေရေး၊  မြန်မာနိုင်ငံကမ်းလွန်အပါအဝင်  ရေနံဓာတ်ငွေ့တူးဖော်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိပါတယ်။ မြန်မာနိုင်ငံကို  ရုရှားက LNG တင်ပို့ဖို့ အလားအလာများစွာရှိပါတယ်။ အဆိုပါ LNG ကို ပြည်တွင်းအသုံးပြုရေးအပါအဝင် အခြားနိုင်ငံများကိုလည်း  တင်ပို့လို့ရပါတယ်။ အရင်နှစ်က မြန်မာနိုင်ငံမှာ အဏုမြူဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစီမံကိန်းက နှစ်နိုင်ငံအတွက် အဓိကစီမံကိန်းလည်းဖြစ်ပါတယ်။ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှာလည်း  စီမံကိန်းအများအပြားဆောင်ရွက်ဖို့  အလားအလာရှိပါတယ်။ ဥပမာဆိုရင် မြန်မာနိုင်ငံမှာ  သံမဏိစက်ရုံ၊ မြေဩဇာစက်ရုံလည်းတည်ဆောက်နေပါတယ်။

မြန်မာနိုင်ငံရဲ့တောင်ဘက်ပိုင်းတွင်လည်း ရေနက်ဆိပ်ကမ်းတည်ဆောက်မှုစီမံကိန်းကိုဆွေးနွေးနေပါတယ်။ High-Tech နယ်ပယ်မှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ Digital နယ်ပယ်၊ Cyber Security အစရှိတဲ့ High-Tech နယ်ပယ်မှာ ရုရှားကုမ္ပဏီများရဲ့ အဆိုပြုချက်အစီအစဉ်အများအပြားရှိပါတယ်။

အာကာသပူးပေါင်းဆောင်ရွက်မှုမှာ ၂၀၂၅ ခုနှစ်က နှစ်နိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုလက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါနယ်ပယ်များမှာ  ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်လျက်ရှိပါတယ်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကလည်း နှစ်နိုင်ငံအတွက်အရေးကြီးတဲ့နယ်ပယ်ဖြစ်ပါတယ်။ နှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့်စနစ်ဖြင့် သိပ္ပံပညာ၊ လူငယ်၊ ခရီးသွား၊ အားကစားသမားအများအပြား အပြန်အလှန်သွားလာနေကြပါတယ်။ ဗလာဒီဗော့စတော့မြို့မှာ ရုရှားဆိုင်ရာ မြန်မာကောင်စစ်ဝန်ရုံးမကြာမီဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် Altai, Kaluga, Moscow ပြည်နယ်များတွင်လည်း မြန်မာယဉ်ကျေးမှုဘာသာရေး  Center ဖွင့်လှစ်ထားပါတယ်။

မြန်မာနိုင်ငံ၏ မြို့တော်တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့မှာ  ရုရှား Orthodox ခရစ်ယာန်ဘုရားကျောင်းဆောက်ဖို့အတည်ပြုထားပါတယ်။ မြန်မာနိုင်ငံမှာ ရုရှားဘာသာစကားကို စိတ်ဝင်စားမှုမြင့်တက်လာတာကိုတွေ့ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ ရုရှားဘာသာစကားကို ရန်ကုန်၊ မန္တလေးတက္ကသိုလ်တွေမှာ  သင်ကြားပေးနေပြီး  တပ်မတော်အကယ်ဒမီမှာလည်း သင်ကြားပေးနေပါတယ်။

မြန်မာနိုင်ငံက ရုရှားဆီကပရိုဂရမ်ကို ပါဝင်ဖို့အစီအစဉ်ရှိပါတယ်။  အခု ရုရှားတက္ကသိုလ်မှာ မြန်မာကျောင်းသား၊  ကျောင်းသူစုစုပေါင်း အယောက် ၄၀၀ ရှိပါတယ်။ ရုရှားတက္ကသိုလ်ကနေအောင်မြင်ပြီးတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူကတော့ ၁၇၀၀၀ ဖြစ်ပါတယ်။ နိုင်ငံတကာကိစ္စရပ်များအတွက် ရုရှားနဲ့မြန်မာရဲ့ထင်မြင်ချက်က အလွန်နီးကပ်ပါတယ်။  ရုရှား-မြန်မာက နိုင်ငံတကာအဖွဲ့တွေ ကာကွယ်ရေးဆိုင်ရာနဲ့ပြည်တွင်းရေးစွက်ဖက်မှုတွေအတွက် အချိန်တိုင်းကန့်ကွက်နေပါတယ်။ ရုရှား-မြန်မာစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုက ကောင်းစွာတိုးတက်နေပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ ရုရှား-မြန်မာစစ်ဘက်လေ့ကျင့်မှု မကြာခဏဆောင်ရွက်နေပါတယ်။ ရုရှားရေတပ်သင်္ဘောတွေ မြန်မာပြည်ကို မကြာခဏလာရောက်ခဲ့ပါတယ်။  ဒီနေ့လာရောက်တဲ့ သမ္မတကြီး ဦးဆောင်တဲ့  ကိုယ်စားလှယ်အဖွဲ့ကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ သမ္မတကြီး ဦးမင်းအောင်လှိုင်က  ရုရှားရောက်တဲ့အချိန်မှာ  အစီအစဉ်တွေအများအပြားရှိပါတယ်။ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံမှုအပြင် အခြားဌာနတွေနဲ့တွေ့ဆုံဖို့အများကြီးရှိနေပါတယ်။ ဒါ့အပြင် အဆွေတော် ဦးမင်းအောင်လှိုင်က ဒူးမားပြည်နယ်ကိုလည်း ခရီးသွားဖို့အစီအစဉ်ရှိပါတယ်။ ဒူးမားပြည်နယ်က ရုရှားရဲ့ ဗုဒ္ဓဘာသာနယ်မြေတစ်ခုဖြစ်ပါတယ်။ အခုခရီးစဉ် အောင်မြင်မယ်လို့ယုံကြည်ပါတယ်။ ဒီနေ့လက်မှတ်ရေးထိုးမှုသည် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုနဲ့လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးအတွက် အထောက်အကူများစွာပေးမယ်လို့မျှော်လင့်ပါတယ်။ လေးစားအပ်သော လူကြီးမင်းများကို ကျေးဇူးတင်ပါတယ်။

အဆွေတော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ  ဗလာဒီမာပူတင်နဲ့နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မီဒီယာအဖွဲ့ဝင်များအားလုံး မင်္ဂလာပါခင်ဗျာ –

ကျွန်တော့်အနေနဲ့ရုရှားသမ္မတကြီး မစ္စတာ ဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရ  ရုရှားနိုင်ငံကိုတရားဝင်ခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ဟာ သံတမန်ဆက်ဆံရေးထူထောင်ခဲ့တာ(၇၈)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် အစောဆုံး သံတမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ဟာ မိတ်ဆွေရင်း၊ မိတ်ဆွေစစ်နိုင်ငံတွေဖြစ်ကြပြီး အပြန်အလှန်နားလည်မှု၊ လေးစားမှုတွေနဲ့အခြေခံတည်ဆောက်ထားတဲ့ ဆက်ဆံရေးကို ကောင်းမွန်စွာထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်များကစပြီး မြန်မာ-ရုရှားဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အနီးကပ်ဆုံးနဲ့အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။   နှစ်နိုင်ငံခေါင်းဆောင်များအကြား   မကြာခဏတွေ့ဆုံဆွေးနွေးမှုဟာ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့အတွက်လည်းအဓိကတွန်းအားတစ်ရပ်ဖြစ်ပါတယ်။ သမ္မတကြီးပူတင်နဲ့ကျွန်တော်တို့ ယနေ့တွေ့ဆုံမှုဟာ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်နေတဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားဖို့အတွက် ကြီးမားတဲ့အထောက်အကူဖြစ်စေခဲ့ပါတယ်။  ဒါ့အပြင်  နှစ်နိုင်ငံအကြားဆွေးနွေးသဘောတူထားတဲ့ ကိစ္စရပ်တွေ၊ သဘောတူညီချက်တွေအပေါ်အကောင်အထည်ဖော်မှုအခြေအနေနဲ့ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်ကာ ရရှိပြီးတဲ့တိုးတက်မှုတွေကိုထိန်းသိမ်းသွားဖို့နဲ့ဆက်လက်တိုးမြှင့်သွားဖို့အတွက်လည်း ဆွေးနွေးသဘောတူညီနိုင်ခဲ့ပါတယ်။

မိမိတို့အနေနဲ့ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာ၊ ကျန်းမာရေးနဲ့ ခရီးသွားကဏ္ဍအပါအဝင် နယ်ပယ်ပေါင်းစုံမှာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ့် အလားအလာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ယခုဆိုရင် မြန်မာနိုင်ငံမှာ ဥပဒေပြုလွှတ်တော်တွေလည်းပေါ်ပေါက်လာပြီဖြစ်လို့ ကျွန်တော်တို့အစိုးရနှစ်ရပ်အကြားမှာသာမက လွှတ်တော်အချင်း ချင်းပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ကိုလည်း ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ နှစ်နိုင်ငံအကြား  ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ဟာလည်း ယခုနှစ်ဇန်နဝါရီလအတွင်းက စတင်အသက်ဝင်ခဲ့ပြီးဖြစ်တဲ့အတွက် ခရီးသွားကဏ္ဍမှာပူးပေါင်းဆောင်ရွက်မှုနဲ့နှစ်နိုင်ငံပြည်သူတွေအကြားကူးလူးဆက်ဆံမှုပိုမိုမြှင့်တင်နိုင်မယ့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ယခုခရီးစဉ်အတွင်းမှာ  သဘောတူစာချုပ်/နားလည်မှုစာချွန်လွှာ(၁၂)ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်းကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွေချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိနေပါတယ်။ မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ဟာ ဒေသတွင်းနဲ့နိုင်ငံတကာမျက်နှာစာတွေမှာ အပြန်အလှန်အစဉ်ရပ်တည်ထောက်ခံပေးကြတဲ့ နိုင်ငံတွေလည်းဖြစ်ကြပါတယ်။ မျက်မှောက်ခေတ်ကမ္ဘာ့ရေးရာကိစ္စရပ်တွေအပေါ်မှာလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး နောင်အနာဂတ်မှာလည်း မိမိတို့နှစ်နိုင်ငံဟာ နိုင်ငံတကာမျက်နှာစာမှာ နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက် သွားဖို့ဆွေးနွေးသဘောတူခဲ့ကြပါတယ်။

သမ္မတကြီး၊ နှစ်ဖက်ကိုယ်စားလှယ်များနဲ့မီဒီယာအဖွဲ့ဝင်များခင်ဗျာ –

မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျတဲ့နေရာမှာတည်ရှိတဲ့နိုင်ငံဖြစ်တဲ့အပြင် အနီးအနားမှာလည်းကြီးမားတဲ့ဈေးကွက်ကြီးရှိသလို သဘာဝသယံဇာတတွေလည်း ပေါကြွယ်ဝတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိပြီး လုပ်သားအင်အားသာမက ကောင်းမွန်ပြီးသမမျှတတဲ့ရာသီဥတုလည်းရှိပါတယ်။ ဒါ့အပြင်မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းတစ်ခုလည်းရှိပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံဖို့ အခွင့် အလမ်းကောင်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ ရုရှားနိုင်ငံရဲ့နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ သမ္မတကြီးမှတစ်ဆင့်ထပ်မံဖိတ်ခေါ်လိုပါတယ်။ မနက်ဖြန်မှာလည်း  မြန်မာနှင့်ရုရှားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်တစ်ခုကိုလည်း ကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။

သမ္မတကြီး၊ နှစ်ဖက်ကိုယ်စားလှယ်များနဲ့မီဒီယာအဖွဲ့ဝင်များခင်ဗျာ –

မိမိတို့နိုင်ငံနဲ့အစဉ်အလာအရ ချစ်ကြည်ရင်းနှီးတဲ့ ရုရှားနိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့်  နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးတက်မြင့်မားလာစေဖို့အတွက် မိမိအနေနဲ့သမ္မတကြီးပူတင်၊ ရုရှားအစိုးရနဲ့ပြည်သူတွေနဲ့အတူလက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထပ်လောင်းဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *