လူမှုကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းမီဒီယာအချိုတွင် ပျံ့နှံနေသည့် ငွေကျပ် ၅၀,၀၀၀ တန် ငွေစက္ကူအသစ်များ ထုတ်ဝေမည်ဆိုသည့် သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တရားဝင်ဌာနများ၏ ထုတ်ပြန်ချက်များမှတစ်ဆင့်သာ စိစစ်အတည်ပြုကြရန်နှင့် သတင်းမှားများကြောင့် မလိုလားအပ်သည့် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။
၁ထောင်နဲ့၅ထောင်တန်ငွေစက္ကူဖျက်သိမ်းပြီး ကျပ်၅သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“၁ထောင်နဲ့၅ထောင်တန်ငွေစက္ကူဖျက်သိမ်း
ကျပ်၅သောင်းတန်ငွေစက္ကူအသစ်ထုတ်ဝေပြီး ၁ထောင်နဲ့၅ထောင်တန်
ဖျက်သိမ်းပြီဟု မအလ ကြေညာလို့ တနိုင်ငံလုံး ပွက်လောရိုက်ကုန်ပြီ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Burma” အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့နေရာတခုဖြစ်တာတွေ့ရတယ်။
ကျပ် ၁၀၀၀နဲ့ ကျပ် ၅၀၀၀ တန် ငွေစက္ကူတွေကို ဖျက်သိမ်းပြီး ကျပ် ၅၀၀၀၀ တန်ငွေစက္ကူအသစ် ထုတ်ဝေမယ်ဆိုတဲ့ ဒီအကြောင်းကို စစ်အစိုးရထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က ကြေညာချက် မတွေ့ရသလို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်း ဖော်ပြချက် မတွေ့ရပါဘူး။

အခုလို သတင်းမှား ဖြန့်ဝေထားတဲ့ “Khit Thit Burma” ယူကျူ့ဗွီဒီယိုထဲမှာလည်း ဒီလို ကျပ် ၁၀၀၀ နဲ့ ကျပ် ၅၀၀၀ ဝန် ဖျက်သိမ်းမယ့်အကြောင်းမပါဝင်ဘဲ “၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ စစ်အစိုးရရဲ့ ဘဏ္ဏာရေးလိုငွေ ကျပ်ဘီလီယံ ၉၀၀၀ ကျော်ရှိပြီး ၂၁၀၀ ဘီလီယံကို ဗဟိုဘဏ်ဆီက ချေးယူမယ်”ဆိုတဲ့ သတင်း၊ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ကျောင်းသားတွေလည်း စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းနေမှုနဲ့ မြန်မာစစ်တပ်ထံသို့ လက်နက်ခဲယမ်း၊ လေယာဉ်ဆီတွေ၊ ဆက်စပ်နည်းပညာတွေ ရောင်းချခြင်းကို ရပ်တန့်ပေးရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတဲ့ သတင်း စတာတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Burma” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတွေက သတင်းဖော်ပြချက်တွေကို ရောနှောဖြန့်ချိတဲ့နေရာဖြစ်တယ်။ ၁ထောင်နဲ့ ၅ထောင်တန်ငွေစက္ကူဖျက်သိမ်းပြီး ကျပ်၅သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမယ်ဆိုတာ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။
