တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်းအဝေးကို မကြာမီကျင်းပသွားမည်ဖြစ်ပြီး ဥပဒေကြမ်းများနှင့် ကြယ်ပွင့်ပြမေးခွန်းများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ကျင်းပခဲ့ကြောင်း သိရသည်။
ဗဟိုကော်မတီနာယကက လာမည့် ဇွန် ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ဒုတိယနှင့် တတိယပုံမှန်အစည်းအဝေးများ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များအား နေပြည်တော်သို့ အချိန်မီလာရောက်နိုင်ရေး ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်းလည်း ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်များအတွက် တည်းခိုနေထိုင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် အသံစနစ်များ ကောင်းမွန်စေရေးတို့ကို သက်ဆိုင်ရာကော်မတီများအနေဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လွှတ်တော်အစည်းအဝေးများ ကျင်းပစဉ် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေး၊ ရုပ်သံနှင့် သတင်းထုတ်လွှင့်မှုများ အဆင်ပြေစေရေး၊ ပြည်တွင်းပြည်ပ မီဒီယာများ သတင်းရယူနိုင်ရေးတို့ကိုလည်း စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ယခင်ပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည် ကော်မတီဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုကျင်းပမည့် ဒုတိယပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်းများနှင့် ကြယ်ပွင့်ပြမေးခွန်းများ ဆွေးနွေးမည်ဖြစ်သဖြင့် အသံစနစ်များ ပိုမိုကောင်းမွန်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးအပြီးတွင် ဗဟိုကော်မတီနာယကနှင့်အဖွဲ့သည် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂) သို့ သွားရောက်စစ်ဆေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
