သီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံတွင် ၅၆ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအဖြစ် မျက်စိဝေဒနာရှင်ပေါင်း ၁၀၀၉ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိဝေဒနာရှင် ၄၀၇ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း ဆေးရုံမှတ်တမ်းအရ သိရှိရသည် ။
သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ၅၆ ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ၂၀၂၆ ခုနှစ် မေလ ၁၈ ရက်မှ ၂၂ ရက်ထိ ဖွင့်လှစ်ကုသသွားရန် စီစဉ်ထားသော်လည်း အနယ်နယ်အရပ်ရပ်မှ ကုသရန် ကြိုတင်လာရောက် စောင့်ဆိုင်းသူများအရ အစီအစဉ်ကို တစ်ရက်စော၍ မေလ ၁၇ ရက်နေ့မှစတင် ဖွင့်လှစ်ကုသပေးခဲ့ကြောင်း သိရှိရသည် ။
” အခုအကြိမ်မှာလည်း အစီအစဉ်ကို ကြိုတင်ကြေငြာထားတာထက် တစ်ရက်စောပြီး ကုသပေးခဲ့ရတယ် ။ လာကြကတာက ကျောက်မဲဖက် အခြမ်းများပါတယ် လားရှိုးဖက်ခြမ်းကျတော့ သီပေါတံတားကပိတ်ထားတာ ။ မျက်စိကုဖို့ဆို ပေးတော့လာတယ် ။ ဒါပေမဲ့ မြစ်ကိုစက်လှေနဲ့ဖြတ်လာရတာများတယ် ။ သီန္နီကတချို့လည်း လာပါတယ် ။ လာကုရတဲ့သူတွေ ခက်ခဲကြသလို ခက်ခက်ခဲခဲလုပ်ရတာပါ ။ အားလုံးအတွက် အဆင်ပြေရင် ကျေနပ်ပါတယ် ” ဟု သီပေါ မဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးပညာသီရိက မိန့်ကြားခဲ့သည် ။
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ရှိ သီတဂူစက္ခု ဒါန ဆေးရုံမှာ ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ ၄ လတစ်ကြိမ် မျက်စိခွဲစိတ်မှုများ ပြုလုပ်ပေးလျက်ရှိပြီး
မျက်စိလာရောက်ကုသသူများမှာ ရှမ်းပြည်နယ်အတွင်းရှိ သိန္ဒီ ၊ ကွတ်ခိုင် ၊ နမ့်စန် စသည့် ဒေသများအပြင် ပုဂံညောင်ဦး ၊ ရေစကြို ၊ ပခုက္ကူ စသည့် မြေပြန့်ဒေသများမှလည်း လာရောက်ကုသမှုများ ရှိခဲ့ကြောင်း သိရသည် ။
သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ၁ ကြိမ်မှ ၅၆ ကြိမ်အထိ ၁၇-နှစ်အတွင်း မျက်စိလူနာပေါင်း ၃၈၅၈၁ ဦး စမ်းသပ်စစ်ဆေးပေးပြီး မျက်စိလူနာပေါင်း ၉၈၆၇ -ဦးကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း ဆေးရုံမှတ်တမ်းများအရ သိရှိရသည် ။
