အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်နိုင်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် -၂၀ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့်ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံအတူတကွယှဉ်တွဲနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေဖြင့် သက်ဆိုင်သူများနှင့်ညှိနှိုင်းဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်မရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါဆွေးနွေးမှုများမှ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြင်ဆင်၊ ဖြည့်စွက်ရန် ၄၃ ချက် သဘောတူနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသွားရန် နိုင်ငံတော်သမ္မတက ပေးပို့ထားပြီးဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအတွင်း ကွဲပြားစေသည့် အကြောင်းရင်းများကို သုတေသနပြုဖော်ထုတ်၍ နိုင်ငံရေးပါတီများ၏ကွန်ရက်ကို အသုံးပြုကာ လူထုစုစည်းရေး၊ ရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးတွင် ပိုမိုပါဝင်လာအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ဘာသာပေါင်းစုံကွဲပြားနေသောပြည်သူများကို နိုင်ငံရေးပါတီများကပေါင်းစည်းပေးစေလိုပြီး လူမှုသဟဇာတဖြစ်ရေးကိုဆောင်ရွက်သွားရန်လိုကြောင်း၊ အလုပ်အဖွဲ့အနေဖြင့် နေရပ်စွန့်ခွာသူများအား ကူညီဆောင်ရွက်ပေးနိုင်ရေးလှုပ်ရှားမှုများကို သီးခြားဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း၊ နေရပ်ပြန်မည့် နေရပ်စွန့်ခွာသူများအတွက် ရေရှည်အသက်မွေးဝမ်းကျောင်းဆိုင်ရာမူဝါဒများ ဆွေးနွေးရန်နှင့်အစိုးရ၏ လုပ်ဆောင် ချက်များတွင် ပေါင်းစပ်အကူအညီပေးစေလိုကြောင်း၊ ကယား၊ ချင်း၊ ပအိုဝ်းဒေသများရှိ ပြည်သူများ၏နေရပ်ပြန်ရေး၊ လုံခြုံရေး၊ စားဝတ်နေရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကို ကူညီဖြေရှင်းပေးစေလိုကြောင်း၊ နိုင်ငံရေးပါတီများသည် ပြည်သူလူထုကိုယ်စားပြုသောအဖွဲ့အစည်းဖြစ် ကြောင်း၊ မီဒီယာကိုအသုံးချ၍ အစိုးရနှင့်ပြည်သူ၊ တပ်မတော်နှင့်ပြည်သူ၊ ပြည်သူနှင့်ပြည်သူအကြားအမြင်ကွဲပြားအောင် ဆောင်ရွက်နေကြကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကုန်စည်စီးဆင်းမှုကောင်းမွန်ရေးအတွက် ပြည်သူ့ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြတောင်းဆိုချက်များ အပေါ်တွင်လိုအပ်သလို အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးနေကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားအဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မြတ်ဦးက နှုတ်ခွန်း ဆက်စကားပြောကြားရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်ဆွေးနွေးဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီအစုအဖွဲ့ကို စုဖွဲ့မှုပုံစံအသစ် စုဖွဲ့ပေးထားသဖြင့် တွေ့ဆုံဆွေးနွေးမှုသည် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ ယခင်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေးသာ ဆွေးနွေးခဲ့ကြပြီး ယခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ ပါဝင်ဆောင်ရွက်ခွင့်ပေးသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံရေးပါတီများအနေဖြင့် မည်သို့ဖွဲ့စည်းပြီး မည်သို့ပါဝင်ဆောင်ရွက်သွားသင့်သည်ဆိုသည်ကို ဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများမှ မိမိတို့ဒေသအတွင်းရှိ ပြည်သူလူထုအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုပါဝင်ဆောင်ရွက်ရေး ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း၊ ပဋိပက္ခဒဏ်ခံစားနေကြရသော ဒေသခံပြည်သူများ၏ လိုလားချက်များ၊ တောင်းဆိုမှုများအား သိရှိအောင်ဆောင်ရွက်ပြီး လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးနိုင်ရေးလုပ်ဆောင် ပေးသွားကြမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဆွေးနွေးမှုအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြရာ နိုင်ငံရေးပါတီများအစုအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အားလုံးပါဝင်ရေးအတွက် ကြားဝင်စေ့စပ်ဆောင်ရွက်ရာတွင် ပါတီအစုအဖွဲ့မှ လုပ်ဆောင်သွားမည့်အစီအစဉ်ကို အချင်းချင်းညှိနှိုင်းပြီး ညှိနှိုင်းရေးကော်မတီသို့ တင်ပြသွားမည့်ကိစ္စ၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်အမြင်သဘောထားများအား ဆန်းစစ်ကောက်ယူဆောင်ရွက်သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြားဝင် ဆောင်ရွက်ပေးနိုင်မည့် အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်များအား ချိတ်ဆက်ဆောင်ရွက်သွားရေး၊ ယုံကြည်မှုတည်ဆောက်နိုင်ရန် အစိုးရနှင့်လက်နက်ကိုင်အဖွဲ့များတွေ့ဆုံဆွေးနွေးရန်လိုပြီး အစိုးရနှင့်ပြည်သူအကြား လူမှုသဟဇာတဖြစ်ပေါ်စေရေးအစီအမံများ ချမှတ်ဆောင်ရွက်ရေးနှင့်တိုင်းရင်းသားနိုင်ငံရေးပါတီများအပါ အဝင် နိုင်ငံရေးပါတီများကို ဒေသအလိုက်ငြိမ်းချမ်းရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်ဆောင်ရွက်သွားမည့် ကိစ္စတို့အား ဆွေးနွေးကြသည်။
ထို့နောက်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ရှင်းလင်း ဆွေးနွေးရာတွင် နိုင်ငံရေးပါတီများအနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ ငြိမ်းချမ်းရေးဆောင် ရွက်မှုလုပ်ငန်းစဉ်များအပေါ်တွင် ကျယ်ပြန့်စွာသိရှိနားလည်ပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော ငြိမ်းချမ်းရေးမူဝါဒများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ပိုမိုလေးနက်စွာနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပိုမိုအထောက်အကူပြုရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ မပါဝင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ထိတွေ့ဆက်ဆံရေး၊ ဒေသခံပြည်သူများ၏လိုအပ်ချက်များအား ပူးပေါင်းညှိနှိုင်းဖြေရှင်းရေး၊ ဒေသအလိုက်မတူညီသောအခြေအနေများအပေါ်အခြေခံပြီး နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့်ချိတ်ဆက်ဆောင်ရွက်ရန် နည်းလမ်းများ ၊ မီဒီယာနှင့်လူထုထိတွေ့ဆက်ဆံရေး လိုအပ်ချက်များနှင့် နိုင်ငံရေးပါတီများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းတင်ပြဆွေးနွေးသည်။ ယင်းနောက် ပထမနေ့ဆွေးနွေးပွဲကိုရပ်နားပြီး ဆွေးနွေးပွဲ ဒုတိယနေ့ကို အောက်တိုဘာလ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြဝတီ
