မြန်မာနိုင်ငံတွင် Operating System နှင့် Software များ ကိုယ်ပိုင်ထုတ်လုပ်နိုင်ရေး ရုရှားနှင့် နည်းပညာပူးပေါင်းဆွေးနွေး

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Nizhny Novgorod မြို့တွင် ရုရှားနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Astra Group ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် “Digitalization of Industrial Russia 2026” ဖိုရမ်၌ ခင်းကျင်းပြသထားသော နည်းပညာပြခန်းများကို လေ့လာကြည့်ရှုပြီးနောက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၌ Operating System နှင့် Software များကို အမှီအခိုကင်းစွာ ကိုယ်ပိုင်ထုတ်လုပ်နိုင်ရေးအတွက် Astra Group ကုမ္ပဏီမှ နည်းပညာပိုင်းဆိုင်ရာ အကူအညီပံ့ပိုးပေးနိုင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နည်းပညာသုတေသနနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် Moscow Technical University of Communications and Informatics (MTUCI) နှင့် Naypyitaw State Polytechnic University (NSPU) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်ပြခန်းများတွင် ရုရှားနည်းပညာကုမ္ပဏီများက ဉာဏ်ရည်တု (AI) နည်းပညာ၊ ဇီဝအချက်အလက်နည်းပညာ၊ ဆိုက်ဘာလုံခြုံရေးနည်းပညာများကို လူမှုစီးပွားကဏ္ဍအသီးသီးတွင် အသုံးချဆောင်ရွက်နေမှုများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများနှင့် Application များကို ပြည်တွင်း၌ ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ခင်းကျင်းပြသထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *