ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဆော်ဒီပရိုလိဂ်နောက်ဆုံးပွဲစဉ်မှာ ဒါးမက်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ၂၀၂၅-၂၆ ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။
အယ်လ်နာဆာအသင်းက ဒုတိယနေရာက အယ်လ်ဟီလာအသင်းကို (၂)မှတ်ဖြတ်ကာ ချန်ပီယံဆု ရယူနိုင်ခဲ့တာဖြစ်ပြီး ရှုံးနိမ့်ခဲ့တဲ့ ဒါးမက်အသင်းကတော့ တန်းဆင်းသွားခဲ့ရပါတယ်။
နောက်ဆုံးအဆုံးအဖြတ်ပွဲမှာ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက သွင်းဂိုးနှစ်ဂိုးနဲ့အတူ ခြေစွမ်းပြခဲ့ပြီး အယ်လ်နာဆာကစားသမားဘဝမှာ ပထမဆုံးအမှတ်ပေးချန်ပီယံဆုနဲ့ ပထမဆုံးသော မေဂျာဖလား ရယူနိုင်ခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ၂၀၂၃ ဇန်နဝါရီကတည်းက အယ်လ်နာဆာအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ (၃)ရာသီအတွင်း အာရပ်ကလပ်ချန်ပီယံရှစ်ဖလား တစ်ခုသာ ရယူနိုင်ခဲ့တဲ့အတွက် လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အခုတော့ ဆော်ဒီလိဂ်ရဲ့ အမြင့်ဆုံးအမှတ်ပေးချန်ပီယံဆု ရယူနိုင်ခဲ့ပြီဖြစ်ပြီး အယ်လ်နာဆာအသင်းအတွက်တော့ (၁၁)ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုဖြစ်ကြောင်း သိရပါတယ်။
အယ်လ်နာဆာအသင်း ဆုဖလားနဲ့အတူ အောင်ပွဲခံချိန်မှာ စီရော်နယ်လ်ဒိုရဲ့ မိသားစုလည်း ဝင်ရောက်ဆင်နွှဲခဲ့ကြောင်း သိရပါတယ်။
စီရော်နယ်လ်ဒိုဟာ ဒီရာသီဆော်ဒီပရိုလိဂ်မှာ (၂၈)ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ဂိုးသွင်းဘုရင်ဆုနဲ့တော့ လွဲချော်ခဲ့ပြီး အယ်လ်ကတ်ဆီယာတိုက်စစ်မှူး ဂျူလီယန်ကွီနိုနက်စ်က (၃၃)ဂိုးနဲ့ ရရှိသွားခဲ့ပါတယ်။
