ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်သံအမတ်ကြီး​တွေ့ဆုံပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင် အထည်ဖော်ရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများ၊  ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ​ဆွေး​နွေး

ဒုတိယသမ္မတ ဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး​မစ္စမာကျား​​ မေ ၁၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ တွေ့ဆုံခဲ့​​ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့် စီမံကိန်းများ အပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည် ဖော်ရေးကိစ္စများ၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက် ရှိသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့​ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတဦးညိုစောနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်လတ်၊ ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့​ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *