ထိုင်းနိုင်ငံတွင် တရုတ်စကားပြန်အဖြစ် အလုပ်လုပ်သည့် မြန်မာအလုပ်သမားတစ်ဦး လစာကျန်ငွေများယူရန် အလုပ်ရှင်ချိန်းဆိုသည့်နေရာသို့ သွားရောက်စဉ် ရေနွေးပူဖြင့် လောင်းခံရပြီး ရိုက်နှက်ခံရ

ထိုင်းနိုင်ငံတွင် တရုတ်စကားပြန်အဖြစ် အလုပ်လုပ်သည့် မြန်မာအလုပ်သမားတစ်ဦး လစာကျန်ငွေများယူရန်အလုပ်ရှင်ချိန်းဆိုသည့်နေရာသို့ သွားရောက်စဉ် ရေနွေးပူဖြင့် လောင်းခံရပြီး ရိုက်နှက်ခံရကြောင်း ထိုင်းနိုင်ငံရှိအလုပ်သမားသံအရာရှိရုံးမှ သိရသည်။

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ လယောင်းခရိုင်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရုတ်စကားပြန်အဖြစ် လုပ်ကိုင်ခဲ့သည့် မောင်သားသားအား ၎င်း၏ အလုပ်ရှင်ဟောင်းဖြစ်သူနှင့် အပေါင်းအပါများမှ လုပ်ခလစာ ကျန်ငွေပေးမည်ဟုဆိုကာ လယောင်းမြို့ရှိ စားသောက်ဆိုင်တစ်ခုသို့ ချိန်းဆိုသဖြင့် သွားရောက်ခဲ့သည့်အချိန်တွင် ရေနွေးပူနှင့်လောင်းခံခဲ့ရပြီး ရိုက်နှက်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား အလုပ်သမားသံအရာရှိရုံးအနေဖြင့် လိုအပ်သည်များ ကူညီချိတ်ဆက်ဆောင်ရွက်နိုင်ရေး မေ ၆ ရက် နံနက်ပိုင်းတွင် လယောင်ခရိုင်ရဲစခန်းသို့လည်းကောင်း၊ ခရိုင်အလုပ်အကိုင်ဌာန (DOE) သို့လည်းကောင်း သွားရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထပ်မံ၍ အလုပ်သမားသံမှူးမှ မေ ၈ရက် နံနက်ပိုင်းတွင် မောင်သားသားနှင့် ၎င်းအား လိုက်ပါကူညီပေးနေသူတို့အား အလုပ်သမားသံအရာရှိရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး အလုပ်သမားသံအရာရှိရုံးအနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်သဖြင့် အချိန်မရွေးချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိတွင်လည်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်နေပြီဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ထိုင်းနိုင်ငံရှိအလုပ်သမားသံအရာရှိရုံးမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *