ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသူ ပိုမိုများပြားလာနိုင်ကြောင်း WHO သတိပေး

အပျော်စီးသင်္ဘောတစ်စင်းပေါ်တွင် ဟန်တာဗိုင်းရပ်စ်ကြောင့် ခရီးသည်သုံးဦး သေဆုံးခဲ့ပြီးနောက် ကူးစက်မှုများ ထပ်မံထွက်ပေါ်လာနိုင်သော်လည်း ကြိုတင်ကာကွယ်မှုများပြုလုပ်ပါက ကူးစက်ပြန့်ပွားမှုမှာ အကန့်အသတ်ဖြင့်သာရှိလိမ့်မည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၅ ရက်တွင်ပြောကြားခဲ့သည်။

MV Hondius သင်္ဘောသည် စပိန်နိုင်ငံ ကနေရီကျွန်းစုသို့ ဦးတည်ခုတ်မောင်းနေစဉ် ဖျားနာနေသည့် အခြားခရီးသည်တစ်ဦးသည် ယနေ့အစောပိုင်းက ဥရောပသို့ ရောက်ရှိလာခဲ့ပြီး ကျန်းမာရေးတာဝန်ရှိသူများက လူအချင်းချင်း ကူးစက်နိုင်ခြေရှိသည့် ထိုအသက်အန္တရာယ်စိုးရိမ်ရသော ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပြန့်ပွားမှုကို ခြေရာခံနေကြသည်။

သင်္ဘောပေါ်တွင် လိုက်ပါလာသူ ၃ ဦး သေဆုံးခဲ့ပြီးနောက် Hondius သင်္ဘော၏အခြေအနေမှာ နိုင်ငံတကာတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်စေခဲ့သည်။

သို့သော် ကျန်းမာရေးတာဝန်ရှိသူများက ကြွက်မှတစ်ဆင့် ကူးစက်တတ်သည့် ထိုဗိုင်းရပ်စ်မှာ COVID-19 ကဲ့သို့ ကူးစက်နိုင်စွမ်း မရှိသောကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကူးစက်ပြန့်ပွားမည့် ဘေးအန္တရာယ်ကို လျှော့တွက်ထားကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ၎င်းအား အခြေအနေကို အစီရင်ခံထားပြီးဖြစ်ကြောင်း မေ ၅ ရက်တွင် ပြောကြားခဲ့သည်။

“ဒါဟာ ထိန်းချုပ်မှုအောက်မှာ ရှိနေလိမ့်မယ်လို့ကျွန်တော်တို့ အများကြီး မျှော်လင့်ပါတယ်” ဟု ထရန့်က သတင်းထောက်များကို ပြောသည်။

“ဒါက သင်္ဘောနဲ့ပတ်သက်နေတာဖြစ်ပြီး မနက်ဖြန်မှာ ဒီအကြောင်း အစီရင်ခံစာ အပြည့်အစုံ ထုတ်ပြန်မယ်လို့ ထင်ပါတယ်။ အတော်ဆုံးလူတွေက ဒါကို လေ့လာနေကြပါတယ်။အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အာဂျင်တီးနားနိုင်ငံ၊ အူရှူဝါယာမြို့မှ ဧပြီ ၁ ရက်နေ့တွင် သင်္ဘောပေါ်သို့ မလိုက်ပါမီ တောင်အမေရိကတိုက်အနှံ့ ခရီးလှည့်လည်ခဲ့သည့် ဒတ်ချ်ဇနီးမောင်နှံနှစ်ဦးမှာ ထိုဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးခဲ့သူများဖြစ်ကြသည်။

အာဂျင်တီးနား ကျန်းမာရေးအာဏာပိုင်များက ကူးစက်မှုသည် မည်သည့်နေရာမှ စတင်ခဲ့သည်ကို အတည်မပြုနိုင်သေးကြောင်း မေ ၅ ရက်တွင် ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံ၏ ပြည်နယ် ၂၄ ခုမှ အာဏာပိုင်များနှင့် တွေ့ဆုံပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနက “သက်ဆိုင်ရာနိုင်ငံတွေနဲ့ အမျိုးသားအဆင့် အေဂျင်စီတွေက အခုအချိန်အထိ ပေးပို့ထားတဲ့ အချက်အလက်တွေအရ ကူးစက်မှုရဲ့ မူလအရင်းအမြစ်ကို အတည်ပြုဖို့ မဖြစ်နိုင်သေးပါဘူး” ဟု ထုတ်ပြန်ခဲ့သည်။

WHO အကြီးအကဲ တက်ဒရို အာဒနွန်ဂီဘရီယေဆုက ဂျနီဗာမြို့တွင် သတင်းထောက်များကို ပြောကြားရာ၌ သေဆုံးသူ ၃ ဦးအပါအဝင် အတည်ပြုလူနာ ၅ ဦးနှင့် သံသယလူနာ ၃ ဦးရှိသည်ဟု ဆိုသည်။

“လူအချင်းချင်း ကူးစက်နိုင်တဲ့ အင်န်ဒီးစ်ဗိုင်းရပ်စ် ရဲ့ ရောဂါပျိုးချိန်ဟာ ၆ ပတ်အထိ ကြာနိုင်တာကြောင့် လူနာတွေ ထပ်ရှိလာနိုင်ပါတယ်” ဟု ၎င်းက Hondius သင်္ဘောပေါ်တွင် တွေ့ရှိရသည့် ရှားပါးဗိုင်းရပ်စ်မျိုး ကွဲကို ရည်ညွှန်းပြောဆိုခဲ့သည်။         

နယ်သာလန်နိုင်ငံရှိ လေဒန်တက္ကသိုလ် ဆေးဘက်ဆိုင်ရာစင်တာကလည်း နောက်ထပ် လူနာတစ်ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း နောက်ပိုင်းတွင် ကြေညာခဲ့သည်။

သို့သော်WHO ၏အရေးပေါ်သတိပေးချက်နှင့် တုံ့ပြန်ရေးညွှန်ကြားရေးမှူး အက်ဘီရာမန်မာဟာမွတ်က “ပြည်သူ့ကျန်းမာရေးဆိုင်ရာ အစီအမံတွေကို အကောင်အထည်ဖော်ပြီး နိုင်ငံအားလုံးက ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဒါဟာ အကန့်အသတ်နဲ့ဖြစ်တဲ့ ကူးစက်မှုတစ်ခုသာ ဖြစ်လိမ့်မယ်” ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *