ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား ၁၈ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများ အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြု နေထိုင်ခြင်း မရှိစေရန်နှင့် နှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မေ ၈ ရက် နံနက်ပိုင်း တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ် ဆီးဆောကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၆၈၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၃ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ငါးဦး စုစုပေါင်း ၁၈ ဦးတို့အား အလျားပေ ၁၂၀ အနံပေ ၃၀ ရှိ လူနေတဲ နှစ်လုံး၊ အလျားပေ ၁၂၀ အနံ ပေ ၃၀ ရှိ လုပ်ငန်းသုံးတဲ တစ်လုံး၊ အလျားပေ ၈၀ အနံပေ ၃၀ ရှိမီးဖိုဆောင် တစ်လုံး၊ All In One နှစ်လုံး၊ မီးစက်အလတ် တစ်လုံး၊ ပါဝါစတေရှင်(အကြီး) နှစ်လုံးနှင့် ဖျက်ဆီးထားသည့် ဖုန်းမျိုးစုံအလုံး ၉၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် နယ်မြေ ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ရှင်းလင်းခြင်းနှင့် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆီးဆောကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၆၀၀၀ ခန့်အကွာသို့ အရောက်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၂ ဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ မေ ၈ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် ကျိုင်းတောင်းမြို့၏တောင်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာ မိုင်းပန်-ကျိုင်းတောင်းသွား ကားလမ်းအနီး၌ တရားမဝင် အွန်လိုင်းလောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ခြောက်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက် ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက် ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်း များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန် ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
