တောင်ကိုရီးယားနိုင်ငံ၏ ဆိုးလ်မြို့တော်ဒေသကို တိုက်ခိုက်နိုင်စွမ်းရှိသည့် တာဝေးပစ် အမြောက်စနစ်အသစ်များကို ယခုနှစ်အတွင်း ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက မေ ၈ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် လာမည့်သီတင်းပတ်များအတွင်း မြောက်ကိုရီးယား၏ ပထမဆုံးရေတပ်ဖျက်သင်္ဘောကို စတင်အသုံးပြုတော့မည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။
မြောက်ကိုရီးယား၏ အသစ်ပြင်ဆင်လိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုရီးယားပြန်လည်ပေါင်းစည်းရေးနှင့် ပတ်သက်သည့် ရည်ညွှန်းချက်အားလုံးကို ပယ်ဖျက်လိုက်ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့ပြီးနောက် ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းသည် တောင်ကိုရီးယားနှင့် ဆက်ဆံရေးဖြတ်တောက်ရန်နှင့် ကိုရီးယားကျွန်းဆွယ်တွင် နှစ်နိုင်ငံစနစ် ထူထောင်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ကတိကဝတ်နှင့်အညီ လုပ်ဆောင်ခြင်းဖြစ် သည်။
ကင်သည် မေ ၄ ရက်က လက်နက်ခဲယမ်း စက်ရုံတစ်ခုသို့ သွားရောက်ခဲ့ပြီး ယခုနှစ်အတွင်း တောင်ဘက်နယ်စပ်ဒေသရှိ အမြောက်တပ်ဖွဲ့တစ်ခုတွင် တပ်ဖြန့်မည့် ၁၅၅ မမ အမြောက်များ ထုတ်လုပ်မှုကို စစ်ဆေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အဆိုပါအမြောက်ကြီးများ၏ ပစ်ခတ်နိုင်သည့်အကွာအဝေးမှာ ၆၀ ကီလိုမီတာ (၃၇ မိုင်) ကျော်ရှိကြောင်း ကင်၏ ပြောကြားချက်ကို ကိုးကားပြီး KCNA က ဖော်ပြခဲ့သည်။
“အခုလို ပစ်ခတ်နိုင်တဲ့ အကွာအဝေးကို အလျင်အမြန် တိုးမြှင့်နိုင်တာနဲ့ ပစ်ခတ်နိုင်စွမ်း သိသိသာသာ တိုးတက်လာတာဟာ ကျွန်တော်တို့စစ်တပ်ရဲ့ ကုန်းကြောင်းစစ်ဆင်ရေးတွေမှာ ကြီးမားတဲ့ အပြောင်းအလဲနဲ့ အားသာချက်တွေကို ဖြစ်ပေါ်စေမှာပါ” ဟု ကင်က ပြောကြားခဲ့သည်။
နယ်စပ်တစ်လျှောက်တွင် အမျိုးမျိုးသော စစ်ဆင်ရေးနှင့် နည်းဗျူဟာမြောက်ဒုံးကျည်စနစ်များအပြင် အစွမ်းထက်သည့် အတွဲလိုက် ဒုံးပစ်လောင်ချာစနစ်များကိုလည်း တပ်ဖြန့်ရန် စီစဉ်ထားကြောင်း ကင်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအရ ပစ်ခတ်မှုကို ပိတ်ပင်ထားသည့် မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်များနှင့် နှိုင်းယှဉ်ပါက ၎င်း၏ အမြောက်စနစ်များသည် ပြင်ပမှ အာရုံစိုက်ခံရမှု နည်းပါးသည်။
သို့သော် မြောက်ကိုရီးယားသည်တောင် ကိုရီးယားနယ်စပ်အနီးတွင် အမြောက်အများအပြားကို တပ်ဖြန့်ထားပြီးဖြစ်ရာ နယ်စပ်နှင့် ၄၀ မှ ၅၀ ကီလိုမီတာ (၂၅ မှ ၃၀ မိုင်) ခန့်သာ ကွာဝေးပြီး လူဦးရေ ၁၀ သန်းရှိသည့် တောင်ကိုရီးယား၏ ဆိုးလ်မြို့တော်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသည်။ ကင်သည် မေ ၇ ရက်က Choe Hyun ဖျက်သင်္ဘောပေါ်တွင် လိုက်ပါစီးနင်းခဲ့ပြီး မြောက်ကိုရီးယား အနောက်ဘက်ကမ်းလွန်တွင် စစ်ဆင်ရေးစွမ်းဆောင်ရည်ကို စစ်ဆေးခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
