အာဆင်နယ်ကစားသမားဟာ မနေ့ညက ဘုန်းမောက်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲကို လေ့ကျင့်ရေးကွင်းမှာ စုဝေးကြည့်ရှုပြီး ပွဲအပြီးမှာ အောင်ပွဲခံခဲ့ကြကြောင်း သိရပါတယ်။
အဲဒီပွဲမှာ မန်စီးတီးအသင်း အနိုင်မရရင် အာဆင်နယ်အသင်းက လက်ကျန်တစ်ပွဲအလိုမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အဖြေထွက်မှာဖြစ်တာကြောင့် အာဆင်နယ်ကစားသမားတွေက အတူစောင့်ကြည့်ခဲ့ကြခြင်းဖြစ်ပါတယ်။
ပွဲရလဒ်က (၁-၁)ဂိုးနဲ့ အဆုံးသတ်ခဲ့တာကြောင့် အာဆင်နယ်ကစားသမားတွေ မျှော်လင့်ထားတဲ့အတိုင်း ချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ခဲ့တာပါ။
ဒါကြောင့် နှစ်ပေါင်း(၂၂)နှစ်ကြာ စောင့်ခဲ့ရတဲ့အောင်ပွဲအတွက် အာဆင်နယ်ပရိသတ်တွေကလည်း ချန်ပီယံအဖြစ် အဖြေထွက်ပေါ်အပြီးမှာ အမ်းမရိတ်စ်ကွင်းအပြင်ဘက်မှာ စုဝေးအောင်ပွဲခံခဲ့ကြကြောင်း သိရပါတယ်။
အဲဒီလို အောင်ပွဲခံမှုမှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကလည်း ပရိသတ်တွေနဲ့အတူ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရပါတယ်။
