အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်သည့်အတွက် ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်း 

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်သည့်အတွက် ရန်ကုန်မြို့တွင် မေ ၁၆ ရက်က မိုးသည်းထန်စွာရွာသွန်းကြောင်း သိရသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၁၆ ရက် နေ့လယ်ပိုင်းတွင် ကြေညာခဲ့သည်။

ထိုသို့အ‌နောက်တောင်မုတ်သုံလေ ဝင်ရောက်ခဲ့သည့်အတွက် မြန်မာနိုင်ငံတောင်ပိုင်းနှင့်နီးစပ်နေသည့် ရန်ကုန်တိုင်း၌ မေ ၁၆ ရက်တွင် မိုးရွာသွန်းခြင်းဖြစ်သည်။

အဆိုပါမိုးရွာသွန်းသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ မြစံပယ်လမ်းတွင် သစ်ပင်လဲကျခဲ့ပြီး မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

အနောက်တောင်မုတ်သုံလေသည် မေ ၁၃ ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့လည်းကောင်း၊ မေ ၁၉ ရက်မှ ၂၄ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊ မေ ၂၅ ရက်မှ ၃၀ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း၊ မေ ၃၁ ရက်မှ ဇွန် ၅ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့လည်းကောင်း အသီးသီးဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *