အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုကအာဟာရချို့တဲ့မှုကို တိုက်ဖျက်ရန်အတွက် ၎င်းအစိုးရက လုပ်ဆောင်နေသည့် အထူးဦးစားပေးစီမံကိန်းဖြစ်သော အခမဲ့အာဟာရကျွေးမွေးရေးအစီအစဉ်တွင် အခက်အခဲပြဿနာများစွာ ရှိနေသည်မေ ၁၆ ရက်က အသိအမှတ်ပြု ဝန်ခံပြောကြားခဲ့သည်။
ဒေါ်လာဘီလျံချီ အကုန်အကျခံကာ ဝေဖန်ခံရမှုများခဲ့သည့် ယခုအစီအစဉ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း စားသောက်ကုန်များ၏ သန့်ရှင်းရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် အဂတိလိုက်စားမှု စွပ်စွဲချက်များကြောင့် စီမံကိန်းကို ယာယီရပ်ဆိုင်းထားရန် ဝေဖန်ရေးသမားများက တောင်းဆိုနေကြစဉ်အတွင်း လူပေါင်းထောင်ချီ နေမကောင်းဖြစ်ပွားမှုများ ပေါ်ပေါက်ခဲ့သည်။
“အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ အများကြီးရှိနေတာ မှန်ပါတယ်။ အခမဲ့အာဟာရပြည့်ဝတဲ့ အစားအစာတွေ ကျွေးမွေးတဲ့နေရာမှာ ပြဿနာတွေ အများကြီးရှိနေလို့ ကျွန်တော်တို့ ဒါတွေကို စနစ်တကျ ပြန်လည်ပြင်ဆင်ရပါမယ်” ဟု သမ္မတ ပရာဘိုဝိုက ဂျာဗားအရှေ့ပိုင်းတွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့ပြီး ယင်းဗီဒီယိုကို မေ ၁၆ ရက်တွင် ၎င်း၏ တရားဝင် YouTube ချန်နယ်၌ ထုတ်လွှင့်ခဲ့သည်။
ပြီးခဲ့သည့် မတ်လအထိ လူဦးရေ ၆၁ သန်းကျော်ကို အစားအစာများ ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု ဆိုထားသော ယခုစီမံကိန်းသည် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးရိုက်ခတ်မှုများကို တုံ့ပြန်ရန်အတွက် အင်ဒိုနီးရှားအစိုးရက ဘတ်ဂျက်စတင်လျှော့ချခဲ့သည့် စီမံကိန်းများထဲတွင်လည်း ပထမဆုံးအဆင့်၌ ပါဝင်နေသည်။
အင်ဒိုနီးရှားနိုင်ငံသည် ရူပီး၄၀ ထရီလျံ(အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ) ခန့် သက်သာစေရန်အတွက် မတ်လအတွင်းက ယခုစီမံကိန်းကို တစ်ပတ်လျှင် ခြောက်ရက် ကျွေးမွေးရာမှ ငါးရက်သို့ လျှော့ချခဲ့သည်။
သမ္မတ ပရာဘိုဝိုက ယခုစီမံကိန်းသည် ပြဿနာများစွာ ရှိနေသော်လည်း ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အခမဲ့အာဟာရပြည့်ဝတဲ့ အစားအစာတွေဟာ ကျွန်တော်တို့နိုင်ငံအတွက် အရမ်းအရေးကြီးပါတယ်။ ကျွန်တော်သွားလေရာတိုင်းမှာ သာမန်ပြည်သူတွေ၊ လယ်သမားတွေနဲ့ တွေ့ဆုံတဲ့အခါ အခမဲ့အာဟာရကျွေးမွေးရေး အစီအစဉ်ကိုတော့ မရပ်တန့်ပါနဲ့၊ ဒါက ကျွန်တော့်မြေးတွေ အစာစားနိုင်ဖို့ တကယ်ကို ကူညီပေးနေတာပါ လို့ ပြောကြပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုစီမံကိန်းသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ပရာဘိုဝို၏ အဓိကအကျဆုံး မူဝါဒတစ်ခု ဖြစ်ခဲ့သည်။
အခမဲ့အာဟာရကျွေးမွေးမှုများကို ဖြန့်ဝေရန် တာဝန်ပေးထားသည့် အမျိုးသားအာဟာရအေဂျင်စီ၏ အကြီးအကဲ ဒါဒန် ဟင်ဒါယာနာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး စောင့်ကြည့်ရေးအဖွဲ့(ICW) က ပြီးခဲ့သည့်အပတ်တွင် တိုင်ကြားစာ တင်သွင်းခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
ICW အဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တင်သွင်းလွှာတွင် ဟာလာလ် လက်မှတ်ထုတ်ပေးရေး ဝယ်ယူမှုဆိုင်ရာ ဘတ်ဂျက်၌ ဒေါ်လာ သန်း ၅၀ နီးပါး ကွဲလွဲမှုများ ရှိနေသည်ဟု စွပ်စွဲထားသည်။
သမ္မတ ပရာဘိုဝိုကမူ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်သူမည်သူ့ကိုမဆို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော့်အစိုးရကတော့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့သူ၊ လမ်းလွဲတဲ့သူ၊ အာဏာအလွဲသုံးစားလုပ်တဲ့သူ ဘယ်သူမဆို အရေးယူခံရမှာဖြစ်ပြီး ကျွန်တော်တို့ ရှင်းလင်းပစ်မှာဖြစ်သလို ရာထူးကနေလည်း ဖယ်ရှားပစ်မှာပါ” ဟု ၎င်းက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကလေးငယ် ၂၀ ရာခိုင်နှုန်းကျော်သည် ပြင်းထန်သောအာဟာရချို့တဲ့မှုကြောင့် ဖြစ်ပွားသည့် ကြီးထွားဖွံ့ဖြို့မှု ရပ်တန့်ခြင်းဝေဒနာကို ခံစားနေကြရသည်။
အစိုးရအနေဖြင့် ရိက္ခာမလုံလောက်မှုကို တိုက်ဖျက်ရန် ကြိုးပမ်းမှုအဖြစ် ယခုစီမံကိန်းမှတစ်ဆင့် အနည်းဆုံး လူဦးရေ ၈၂ ဒသမ ၉ သန်း သို့မဟုတ် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ကို အစားအစာများ ထောက်ပံ့ပေးနိုင်ရန် မျှော်မှန်းထားသည်။
