တရုတ်(တိုင်ပေ) သမ္မတ လိုင်ချင်းသယ်သည် အာဖရိကတောင်ပိုင်းနိုင်ငံဖြစ်သည့် အက်စ်ဝါတီးနီနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကာ၊ အကြောင်းရင်းက တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် အိမ်နီးချင်းနိုင်ငံများက ၎င်း၏ လေယာဉ်ဖြတ်သန်းခွင့်ကို ပိတ်ပင်လိုက်ခြင်းကြောင့်ဟု ကြေညာခဲ့သည်။
ဆေးရှဲလ်စ် ၊ မောရစ်ရှပ်စ်နှင့် မာဒါဂါစကာနိုင်ငံတို့က တရုတ်၏ ပြင်းထန်သည့် ဖိအားပေးမှုနှင့် စီးပွားရေးအကျပ်ကိုင်မှုများကြောင့် လိုင်၏ လေယာဉ်ဖြတ်သန်းခွင့် ပါမစ်များကို ပယ်ဖျက်လိုက်သည်ဟု တရုတ်(တိုင်ပေ)အရာရှိတစ်ဦးက ပြောသည်။ တရုတ်အစိုးရကမူ အဆိုပါ အိန္ဒိယသမုဒ္ဒရာကျွန်းနိုင်ငံ သုံးနိုင်ငံအား အထူးချီးကျူးကြောင်း ထုတ်ဖော်ပြောခဲ့သည်။
လေယာဉ်ဖြတ်သန်းခွင့် ပယ်ဖျက်ခံရမှုကြောင့် တရုတ်(တိုင်ပေ)ခေါင်းဆောင်တစ်ဦး လူသိရှင်ကြား ခရီးစဉ် ဖျက်လိုက်ရခြင်းက ယခု ပထမဆုံးအကြိမ်ဖြစ်သည်။ လက်ရှိတွင် အက်စ်ဝါတီးနီနိုင်ငံသည် တရုတ်(တိုင်ပေ)နှင့် သံတမန်ဆက်ဆံရေးရှိသည့် ၁၂ နိုင်ငံအနက် တစ်နိုင်ငံဖြစ်ပြီး တစ်ခုတည်းသော အာဖရိက မဟာမိတ်နိုင်ငံလည်းဖြစ်သည်။
အာဖရိကသုံးနိုင်ငံသည် လေကြောင်းဖြတ်သန်းခွင့်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်(တိုင်ပေ)ဘက်ကပြောသည်။ဆေးရှဲလ်စ်နှင့် မာဒါဂါစကာတို့က တရုတ်(တိုင်ပေ)ကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်မပြုသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနကိုပြောသည်။
လိုင်သည် ဧပြီ ၂၂ ရက်မှ ၂၆ ရက်အထိ အက်စ်ဝါတီးနီနိုင်ငံသို့ သွားရောက်ကာ ဘုရင် Mswati III ၏ နန်းတက်နှစ် ၄၀ ပြည့် အထိမ်းအမှတ်နှင့် မွေးနေ့ပွဲကို တက်ရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။တရုတ်အစိုးရက လိုင်ချင်းသယ်အား ပြဿနာရှာသူ၊ ရေလက်ကြား ငြိမ်းချမ်းရေးကို ဖျက်ဆီးသူဟု အမြဲဝေဖန်လေ့ရှိသည်။
