အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပေကျင်းတွင် တရုတ်သမ္မတရှီကျင်းပင်နှင့် တွေ့ဆုံရာတွင် အီရန်ကိစ္စကို ဆွေးနွေးခဲ့ရာ တရုတ်နိုင်ငံက အီရန်ကို စစ်ရေးအားဖြင့် အကူအညီပေးခဲ့ခြင်းမရှိဟု သမ္မတရှီက ပြောကြားခဲ့သည်ဟု ဆိုသည်။
တရုတ်သမ္မတရှီကျင်းပင်နှင့်ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ ပထမနေ့အပြီးတွင် ထရန့်က Fox News နှင့် အင်တာဗျူး၌ ဖြေကြားခဲ့ရာတွင် ရှီက အီရန်ကို စစ်ရေးအားဖြင့် အကူအညီပေးရန် ပြင်ဆင်ထားခြင်းမရှိဟု မိမိကို ခိုင်ခိုင်မာမာ ပြောကြားခဲ့သည်ဟု ဆိုသည်။
“သူက အီရန်ကို စစ်ရေးအကူအညီမပေးဘူးလို့ ပြောပါတယ်။ အဲဒါကို သူကခိုင်ခိုင်မာမာ ပြောခဲ့တာပါ” ဟု ထရန့်က Fox News ကို ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းအမြဲတမ်းအပစ်အခတ်ရပ်စဲရေးအတွက် မေ ၁၅ ရက်တွင် ဆော်သြလိုက်ပြီး အီရန်စစ်ပွဲအတွင်း ထိရောက်စွာ ပိတ်ဆို့ခံထားရသော ဟော်မုဇ်ရေလက်ကြားအား သင်္ဘောများ ခုတ်မောင်းသွားလာရေးအတွက် တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဖွင့်ရန် တောင်းဆိုလိုက်သည်။
အီရန်က ဖေဖော်ဝါရ ၂၈ ရက်တွင် အမေရိကန်-အစ္စရေးတို့နှင့်စစ်ဖြစ်ကတည်းက ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားခဲ့သည်။ အမေရိကန်ကလည်း အီရန်၏ဆိပ်ကမ်းများကို ပိတ်ဆို့ထားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားကို အီရန်ပိတ်ထားခြင်းက ကမ္ဘာ့စျေးကွက်များကို လှုပ်ယမ်းစေခဲ့သည့်အပြင် အီရန်ကို သိသိသာသာ အရှိန်အဝါ မြင့်တက်စေခဲ့သည်။
“သူက ဟော်မုဇ်ရေလက်ကြား ပွင့်တာကိုမြင်ချင်တာပါ။ ဘာပဲဖြစ်ဖြစ် အကူအညီပေးနိုင်မယ်ဆိုရင် ကူညီချင်တယ်လို့ပြောပါတယ်” ဟု ထရန့်က ဖြည့်စွက်ပြောကြားခဲ့သည်။
အီရန်ရေတပ်သည် တရုတ်သင်္ဘောများကို မဟာဗျူဟာမြောက်ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းခွင့်ပေးခဲ့သည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်က မေ ၁၄ ရက်တွင် ပြောကြားခဲ့ပြီးအီရန်ရေတပ်က တရုတ်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့်ပေးခဲ့သည့် အရေအတွက်သည် ယခင်ညကထက် ပိုများသည်ဟု တော်လှန်ရေးအစောင့်တပ်ကပြောသည်။
သမ္မတနှစ်ဦးအီရန်ကိစ္စကို ဆွေးနွေးခဲ့ပါသလားဟု မေးမြန်းသည့်အခါ မေ ၁၅ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြေကြားရာတွင် “တရုတ်နိုင်ငံဟာ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ပြန်လည်ဖော်ဆောင်ဖို့ အမြဲတမ်းအပစ်အခတ်ရပ်စဲရေး မြန်မြန်ရဖို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။
“အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းရဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ရေလမ်းကြောင်းတွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဖွင့်စေချင်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“အခု ပဋိပက္ခဟာ အစကတည်းက မဖြစ်ခဲ့သင့်ပါဘူး။ ဒါမျိုးဆက်ဖြစ်နေစရာ အကြောင်းလည်းမရှိပါဘူး” ဟု ဖြည့်စွက်ဖော်ပြခဲ့သည်။
ငြိမ်းချမ်းနေသည့်ကာလတွင် ဟော်မုဇ်ရေလက်ကြားသည် အခြားအရေးပါသော ကုန်စည်များနှင့်အတူ ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသယ်ယူရာရေလက်ကြားဖြစ်သည်။
