ဆင်ပြောင်ကြီး၊ နတ်စည်းစိမ်၊ ဇော်ဂျီလက်စွဲ၊ ဘီလူးငါးကောင်နှင့် Double X စသည့် အမှတ်တံဆိပ်များပါ အမျိုးဆေးဝါးတို့သည် အနောက်တိုင်းဆေးများ ရောနှောပါဝင်သဖြင့် သုံးစွဲရန် မသင့်လျော်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

သုံးစွဲရန်မသင့်ဟု ကြေညာထားသည့် ဆေးဝါးများကို ဖြန့်ဖြူးရောင်းချပါက အရေးယူမည်

ဆင်ပြောင်ကြီး၊ နတ်စည်းစိမ်၊ ဇော်ဂျီလက်စွဲ၊ တောင်ကြာပန်း၊ ဘီလူးငါးကောင်နှင့် Double X စသည့် အမှတ်တံဆိပ်များပါ အမျိုးသားအကြောအားဆေးတို့သည် အနောက်တိုင်းဆေးများ ရောနှောပါဝင်သဖြင့် သုံးစွဲရန် မသင့်လျော်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါသုံးစွဲရန်မသင့်ဟု ကြေညာထားသည့် ဆေးဝါးများကို ဖြန့်ဖြူးရောင်းချပါက အရေးယူမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းတွေ့ရှိရသော ဆင်ပြောင်ကြီးအမှတ်တံဆိပ် အမျိုးသားအကြောအားတိုးဆေး၊ နတ်စည်းစိမ်အမှတ်တံဆိပ် အမျိုးသားအားတိုးဆေး၊ ဇော်ဂျီလက်စွဲ အမှတ်တံဆိပ်အကြောအားတိုးဆေး၊ တောင်ကြာပန်းအမှတ်တံဆိပ် အမျိုးသားအားတိုးဆေးနှင့် ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအားဆေးတို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်း ဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်ရရှိထားသော်လည်း ဈေးကွက်တွင် တိုင်းရင်းဆေးဝါး မှတ်ပုံတင်စဉ်က ဖော်ပြထားသော ဆေးဖုံ၊ ဖော်စပ်နည်းနှင့်အညီမဟုတ်ဘဲ ဖော်စပ်ထားသော တိုင်းရင်းဆေးဝါး (စံမညီတိုင်းရင်းဆေးဝါး) ဖြစ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်ခြင်း၊ သတ်မှတ်ချက်(၁၀) ချက်ပြည့်စုံ မှန်ကန်မှုမရှိခြင်းနှင့် Double X အမှတ်တံဆိပ် အမျိုးသားအားတိုးဆေးသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်ခွင့်ပြုထားမှုမရှိခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ရောနှောပါဝင်နေ သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

သို့ဖြစ်၍ ဖော်ပြပါတိုင်းရင်းဆေးဝါးများသည် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော်ကြောင်း အသိပေးအပ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝ(လုံးဝ) မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *