ဒီအာကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် အီဘိုလာ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေကြောင်း အာဖရိကကျန်းမာရေးအာဏာပိုင်များက မေ ၁၅ ရက်တွင် အတည်ပြုခဲ့သည်။
သံသယလူနာ ၂၄၆ ဦးရှိပြီး ၆၅ ဦး သေဆုံးခဲ့ကာ ၎င်းတို့အနက် သေဆုံးသူလေးဦးသည် အီဘိုလာ ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာများဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးစင်တာ Africa CDC က ထုတ်ပြန်ခဲ့သည်။
“အီတူရီပြည်နယ်မှာ အီဘိုလာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတာ အတည်ပြုပါတယ်။ Africa CDC ဟာ အခြေအနေကို အနီးကပ်လေ့လာစောင့်ကြည့်နေပြီး ဒီအာကွန်ဂို၊ ယူဂန်ဒါ၊ တောင်ဆူဒန်နဲ့ ကမ္ဘာလုံးဆိုင် ရာမိတ်ဖက်တွေနဲ့ အဆင့်မြင့်ညှိနှိုင်းဆောင်ရွက်နေပြီး နယ်စပ်ဖြတ်ကျော် ရောဂါစောင့်ကြည့်ရေး၊ အသင့်အနေအထားပြင်ဆင်ရေးနဲ့ ကူးစက်မှုကို တုံ့ပြန်တဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အားဖြည့်ပေးသွားဖို့ ပြင်ဆင်ထားပါတယ်” ဟု Africa CDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အီဘိုလာရောဂါကူးစက်မှုကို ၁၉၇၆ ခုနှစ်က ပထမဆုံးအကြိမ် တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ထိုရောဂါသည် လင်းနို့များထံမှ ကူးစက်ခြင်းဖြစ်ကာ လူအချင်းချင်းအနီး ကပ်ထိတွေ့မှုမှ ကူးစက်နိုင်ကာ သွေးယိုစီးခြင်းနှင့် ကိုယ်တွင်းအင်္ဂါပျက်စီးခြင်းတို့ဖြစ်စေပြီး အသက်အန္တရာယ်ရှိသည့် ရောဂါဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း အာဖရိကတွင် အီဘိုလာရောဂါကြောင့် လူ ၁၅၀၀၀ ခန့် သေဆုံးခဲ့သည်။
