မေ ၁၄ ရက်ညပိုင်းမှစပြီး မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားတွင် တရုတ်သင်္ဘောအချို့အား ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
“အီရန်နိုင်ငံရဲ့ ရေလက်ကြားစီမံခန့်ခွဲမှု ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့ သဘောတူညီချက်ရရှိပြီးနောက် တရုတ်သင်္ဘောအချို့ကို ဒီရေလက်ကြားက ဖြတ်သန်းခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု IRGC က ထုတ်ပြန်ခဲ့သည်။
အီရန်အစိုးရပိုင် ရုပ်သံလိုင်းက သင်္ဘော အစီးရေ ၃၀ ထက်မနည်းကို ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အဆိုပါသင်္ဘောအားလုံးမှာ တရုတ်သင်္ဘောများ ဟုတ်၊ မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အီရန်စစ်ပွဲမဖြစ်ပွားမီက ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ရည်များ တင်ပို့မှု စုစုပေါင်း၏ ငါးပုံတစ်ပုံ ဖြတ်သန်းသည့် ရေလမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။
