ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းလာသော ရေနံတင်သင်္ဘောသည် မေ ၈ ရက်တွင် တောင်ကိုရီးယားနိုင်ငံကို ဆိုက်ရောက်လာခဲ့သည်ဟု သိရသည်။
အီရန်က အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ကြောင်း ကြေညာပြီးကတည်းက ထိုရေနံတင်သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သည့်လမ်းကြောင်းမှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံကို ရောက်လာသည့် ပထမဆုံးသင်္ဘောဖြစ်လာခဲ့သည်။
တောင်ကိုရီးယားသည် အရှေ့အလယ်ပိုင်းမှ လောင်စာသွင်းကုန်များကို အများအပြားမှီခိုနေရသည့်နိုင်ငံဖြစ်သည်။ တောင်ကိုရီးယားတင်သွင်းသော လောင်စာအများစုသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းလာရသည်။ သို့သော်အမေရိကန်နှင့်အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်ကို စတင်တိုုက်ခိုက်ခဲ့သဖြင့် စစ်ပွဲဖြစ်ပွားခဲ့ရာ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ် ကြောင်းကြေညာခဲ့သည်။
မောလ်တာအလံတင်ထားသော အိုဒက်ဆာ ရေနံတင်သင်္ဘောသည် ရေနံစိမ်းစည်တစ်သန်းတင်ဆောင်ကာ ဆိုက်ရောက်လာခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းစစ်ပွဲဆက် လက်ဖြစ်ပွားနေချိန်တွင် အဆိုပါရေနံတင် သင်္ဘောရောက်လာခြင်းက စွမ်းအင်ဖူလုံရေးနှင့်ပတ်သက်၍ တောင်ကိုရီးယား၏ပူပင်မှုများကို လျော့ပါးသွားစေပုံရသည်။
ထိုရေနံတင်သင်္ဘောကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်းကျင်တွင် ဆိုဆန်ကမ်းရိုးတန်းအလွန်တွင် ရပ်ထားသည်ကိုတွေ့ရကြောင်း AFP သတင်းထောက်များက ပြောကြားသည်။
ထိုသင်္ဘောဆိုက်ရောက်လာခြင်းက ရေနံရရှိမှု တည်ငြိမ်ရေးကို အထောက်အကူပြုမည်ဟု မျှော်လင့်ရပြီး ယင်းသင်္ဘောတွင်ပါလာသော ရေနံစိမ်းပမာဏသည် တောင်ကိုရီးယား၏နေ့စဉ် ရေနံသုံးစွဲမှု၏တစ်ဝက်နီးပါး နှင့်ညီမျှနေသည်ဟု ရေနံလုပ်ငန်းသတင်းအရင်းအမြစ်များက AFP ကို ပြောကြားသည်။
အဆိုပါရေနံစိမ်းများကို ဓာတ်ဆီ၊ ဒီဇယ်အပါအဝင် ရေနံထုတ်ကုန်များအဖြစ် စျေးကွက်သို့မပို့မီ ပြန်လည်သန့်စင်မည်ဟု သတင်းအရင်းအမြစ်များက ပြောကြားသည်။
အိုဒက်ဆာရေနံတင်သင်္ဘောသည် ဧပြီ ၁၇ ရက်တွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့သည်ဟု သတင်းအရင်းအမြစ်က AFP ကို ပြောသည်။ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကို ခေတ္တရွှေ့ဆိုင်းပေးချိန်အတွင်း အိုဒက်ဆာသည် ရေလက်ကြားကို ဖြတ်သန်းလာခြင်းဖြစ်သည်ဟု သိရသည်။
ရေလက်ကြားကို သင်္ဘောများဖြတ်သန်း ခုတ်မောင်းခြင်းသည် စစ်ပွဲစကတည်းက ကျဆင်းသွားခဲ့သည်။
နှစ်လကျော်ကြာမြင့်လာပြီဖြစ်သော စစ်ပွဲကြောင့် တောင်ကိုရီးယားသည် နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် လောင်စာစျေးများကို ထိန်းချုပ်ခဲ့ရသည်။
လိုအပ်သည့် လောင်စာပမာဏကိုအခြားနေရာများမှရရှိရန် ဆောင်ရွက်ခဲ့ရသည်။ တောင်ကိုရီးယားသည် ရေနံလိုအပ်ချက်သုံးလကျော် လုံလောက်သည့် ပမာဏဖြစ်သော ရေနံစိမ်းစည်သန်း ၂၇၀ ရရှိရန်ဆောင်ရွက်ခဲ့သည်။ ထိုရေနံစိမ်းများကို ပိတ်ဆို့ထားသည့် လမ်းကြောင်းမဟုတ်သည့် အခြားလမ်းကြောင်းများမှရရှိရန် ကြိုးပမ်းခဲ့ရသည်။
ပဋိပက္ခကြောင့် ပင်လယ်ကွေ့ဒေသတွင် သင်္ဘောအစင်း ၁၅၀၀ ဝန်းကျင်နှင့် နိုင်ငံတကာသင်္ဘောသား ၂၀၀၀၀ ပိတ်မိနေသည်ဟု ကုလသမဂ္ဂ၏အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့၏အတွင်းရေးမှူးချုပ်အာဆီနီ ယိုဒိုမင်ဂွက်က မေ ၈ ရက်တွင် ပြောကြားခဲ့သည်။
အီရန်က တောင်ကိုရီးယားကုန်သင်္ဘောကို တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
