မေ ၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာအုပ်စု၊ ထနောင်းပင်လှကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး ပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်းက ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအကြောင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်က မြေငှားဂရန်ထုတ်ပေးနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ မြို့နယ် မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းလှိုင်က မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေတိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးထွန်း၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးမြို့နယ်လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး ကျေးရွာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
