■၎င်းသေဆုံးမှုသည် ဆိုင်ပိုင်ရှင်၏ ရိုက်နှက်မှုကြောင့် ဟုဆိုကာ သက်ဆိုင်ရာက စစ်ဆေးနေပြီး ဆိုင်ရှင်ဖြစ်သူ တိမ်းရှောင်နေ
တောင်ကြီးမြို့၊ ပြည်တော်သာ ရပ်ကွက် ရှိ Peter Cocktail ဆိုင်တွင် ဆိုင်ဝန်ထမ်း မိန်းကလေးငယ် တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။
အဆိုပါ သေဆုံးခဲ့သော အမျိုးသမီးငယ်မှာ အသက် (၁၆) နှစ် အရွယ်ရှိ မဖူးပွင့်ဝေ ဖြစ်ကာ၊ ညောင်ရွှေမြို့ ဇာတိဖြစ်ကြောင်း သိရသည်။
အမျိုးသမီးငယ်၏ သေဆုံးမှုမှာ ဓမ္မတာအတိုင်း သေဆုံးမှု ဟုတ် မဟုတ် ဆေးရုံတွင် ရင်ခွဲစစ်ဆေးနေကြောင်း တာဝန်ရှိသူတို့က ပြောကြားထားသည်။
ယင်းအမျိုးသမီးတွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးမှု မှန်ကန်ကြောင်းကိုလည်း ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ ကဆိုသည်။
အမျိုးသမီးငယ် သေဆုံးမှုကို သေချာမသိဘဲ သေစာရင်း သွားရောက် ဆောင်ရွက်ပြီးခါမှ ပုံမှန်အတိုင်း သေဆုံးခြင်း မဟုတ်ကြောင်းကို သိရှိရကြောင်းနှင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ရင်ခွဲစစ်ဆေးမည် ဖြစ်ကြောင်းရာအိမ်မှူးက ပြောကြားသည်။
ဒေသတွင်း သတင်းမီဒီယာများ ဖော်ပြချက်အရ Peter Cocktail.ပိုင်ရှင် အောင်မျိုးသူ(ခ)ပီတာသည် သေဆုံးသူ အမျိုးသမီးငယ်အား စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှုမရှိခြင်းကြောင့်ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက် ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်ရှင် အောင်မျိုးသူ(ခ) ပီတာမှာ ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ ကျူးလွန်သူ ဖမ်းဆီးရမိနိုင်ရေး အတွက် သက်ဆိုင်ရာက ကြိုးပမ်းရှာဖွေနေကြောင်း ကိုလည်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကြီးမြို့၊ မြို့မရဲစခန်းကို Eleven Media က သွားရောက်မေးမြန်းရာဖြေကြား၍ မရသေးကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
