ရက်ပေါင်း ၂၀ ကြာ ဖမ်းဆီးခံထားရသည့် ရေးမြို့နယ် ဝန်ထမ်းသုံးဦး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ဧပြီ ၁၇ ရက်က သံဖြူဇရပ် – ရေးကားလမ်း ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီးတွင် ရေးခရိုင်ထွေ/အုပ်မှ ဌာနခွဲစာရေး ဒေါ်တင်တင်ဝင်း၊ ရေးမြို့နယ်ထွေ/အုပ်မှ အငယ်တန်းစာရေး ဒေါ်နွေးနွေးမာ၊ ရေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးရှင်းသန့်ကိုကိုတို့ သုံးဦးမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရေးပြောက်ကျားအဖွဲ့ (YGF) ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရခြင်းဖြစ်သည်။
“ဧပြီ ၁၇ ရက်နေ့ကတော့ ဦးရှင်းသန့်ကိုကိုနဲ့ သူ့မိသားစု အဆက်အသွယ်ရလိုက်သေးတယ်။ အဲ့ဒီနောက်ပိုင်းတော့ ဘာအဆက်အသွယ်မှ မရတော့ဘူး” ဟု ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်က ရေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဌာနခွဲစာရေး အပါအဝင် ဝန်ထမ်း သုံးဦးနှင့် မိသားစုဝင် စုစုပေါင်း ၁၁ ဦးမှာ ကျိုက်ထီးရိုးဘုရားသွားဖူးပြီးနောက် ဧပြီ ၁၉ ရက်တွင် ရေးမြို့သို့ ပြန်လာစဉ် ရေး – သံဖြူဇရပ်လမ်းပိုင်း ရေးမြို့နယ် လိမ္မော်ခြံကျေးရွာအနီးတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ရေးခရိုင်ထွေ/အုပ်ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က သံဖြူဇရပ် – ရေးကားလမ်း ရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝအနီးတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ရေးမြို့နယ်၊ ခေါဇာမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့တာဝန်ခံဖြစ်သူ ဦးကျော်သူ (ဒုဦးစီးမှူး) မှာ ဧပြီ ၂၇ ရက်က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား အမှတ် (၈) ပြည်ထာင်စုလမ်းမကြီး သံဖြူဇရပ် – ရေးလမ်းအပိုင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ လှုပ်ရှားနေကြကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
