ကာရစ်က မန်ယူနည်းပြရာထူးနဲ့ အပြည့်အဝထိုက်တန်တယ်လို့ ကက်စီမီရို ထောက်ခံပြောကြား

မန်ယူအသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုက ကာရစ်ဟာ မန်ယူနည်းပြရာထူးနဲ့ အပြည့်အဝထိုက်တန်တယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။

ကာရစ်ဟာ မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခံထားရသူဖြစ်ပြီး မန်ယူအသင်းက တရားဝင်နည်းပြအဖြစ် ခန့်အပ်မယ့်သူကို နွေရာသီမှ ရွေးချယ်သွားမှာပါ။

ကာရစ်က မန်ယူအသင်းကို (၁၄)ပွဲကိုင်တွယ်ရာမှာ (၁၀)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ပွဲမကုန်ခင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်လည်း စွမ်းဆောင်ပေးထားပါတယ်။

ဒါကြောင့် ကာရစ်ကို တရားဝင်နည်းပြအဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်းမှုတွေ မြင့်တက်လာခဲ့ပြီး ကက်စီမီရိုကလည်း ထောက်ခံခဲ့ခြင်းဖြစ်ပါတယ်။

ကက်စီမီရိုဟာ မန်ယူအသင်းကို ကာရစ် ကိုင်တွယ်ပြီးနောက်ပိုင်းမှာ ပိုမိုခြေစွမ်းပြလာနိုင်ခဲ့သူဖြစ်ပေမဲ့ ရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲတော့မှာပါ။

”ကျွန်တော့်အမြင်မှာတော့ ကာရစ်က မန်ယူနည်းပြရာထူးနဲ့ လုံးဝသင့်တော်ပါတယ်။ သူက မန်ယူနည်းပြဖြစ်လာဖို့အတွက် အရမ်းကောင်းမွန်တဲ့အရည်အသွေးတွေ ပိုင်ဆိုင်ထားကြောင်း သက်သေပြခဲ့ပြီးပြီလို့လည်း ကျွန်တော် ထင်ပါတယ်” လို့ ကက်စီမီရိုက ပြောကြားခဲ့ပါတယ်။

ကက်စီမီရိုဟာ လာမယ့်နွေရာသီမှာ မန်ယူအသင်းနဲ့ လမ်းခွဲပြီးရင် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ကစားဖို့ အလားအလာများနေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *