ကရင်ပြည်နယ် မြဝတီမြို့တွင် အစိုးရခွဲတမ်းစက်သုံးဆီးများ ရရှိသော PTT စက်သုံးဆီဆိုင် သုံးဆိုင်တွင် ၂၀၂၆ ခုနှစ် မေ ၆ ရက် နံနက် ၆ နာရီအချိန်မှစတင်ကာ ရည်ညွှန်းဈေးနှုန်းများအတိုင်း စက်သုံးဆီများ စနစ်တကျ ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
အစိုးရခွဲတမ်း သတ်မှတ်ဈေးအတိုင်း အဆိုပါ PTT စက်သုံးဆီအရောင်းဆိုင် သုံးဆိုင်တွင် ရည်ညွှန်းဈေးများအတိုင်း စက်သုံးဆီအမျိုးအစား ရောင်းဈေး ၁ လီတာ အကြမ်းဖျင်းသတ်မှတ်ဈေး ဓာတ်ဆီ 92 တစ်လီတာလျှင် ၄,၇၅၅ ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာ ၄,၉၁၀ ကျပ်၊ ဒီဇယ် (Premium) တစ်လီတာ ၆,၆၉၅ ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။
စက်သုံးဆီဆိုင်၌ ဆီလာရောက်ဖြည့်တင်းမည့် မိမိတို့၏ မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များအတွက် မော်တော်ယာဉ်သက်သေခံလက်မှတ် (ဝှီးတက်ဟု ခေါ်ဆိုနေကြသည့်) Registration Certificate of a Motor Vehicle (RCMV) မဖြစ်မနေ ယူဆောင်လာရပါမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်များအတွက် တစ်ပတ်လျှင် ၈ လီတာနှုန်း၊ မော်တော်ယာဉ် အင်ဂျင်ပါဝါအလိုက် တစ်ပတ်လျှင် ၃၅ လီတာမှ ၄၀ လီတာခန့်၊ အဝေးပြေးယာဉ်များအားလည်း အင်ဂျင်ပါဝါအလိုက် စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းအတိုင်း အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများလည်း လာရောက်စစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြဝတီဒေသခံတစ်ဦးက “စက်သုံးဆီကို အစိုးရခွဲတမ်းဈေးနှုန်းနဲ့ ရောင်းချပေးတာကို ကျေးဇူးတင်ပါတယ်။ သို့သော်လည်း အိမ်စီးကားနဲ့ လုပ်ငန်းသုံးကားကို ခွဲခြားသတ်မှတ်ပြီး ရောင်းချပေးသင့်ပါတယ်”ဟု ပြောသည်။
မြဝတီမြို့တွင် ယခင်လက ဆီဆိုင်များ ပိတ်ထားရသည်ထိ စက်သုံးဆီပြတ်လပ်မှုရှိခဲ့သော်လည်း ယခုအခါ ဆီဆိုင်အများစုမှာ ပြင်ပဈေးနှုန်းအတိုင်း တစ်လီတာ ၁၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယနေ့ (မေ ၆ ရက်) တွင် အစိုးရခွဲတမ်းရ စက်သုံးဆီအရောင်းဆိုင်များမှာ လိုင်စင်ရှိ ယာဉ်များကိုသာ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိခြင်းကြေင့် ပြင်ဈေးကွက်တွင်လည်း စက်သုံးဆီဈေးနှုန်များ လျော့ကျလာရန် ဒေသခံပြည်သူများ မျှော်လင့်နေကြကြောင်း သိရသည်။
