မန်ယူအသင်းဟာ အာဆင်နယ်တိုက်စစ်မှူး အွန်နရီနဲ့ မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းနားတို့ရဲ့ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုစံချိန်ကို လိုက်မီခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
အွန်နရီက ၂၀၀၂-၀၃ ရာသီနဲ့ ဒီဘရိုုင်းနားက ၂၀၁၉-၂၀ ရာသီမှာ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှု အကြိမ်(၂၀)စီ ပြုလုပ်ခဲ့ကြပြီး တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအများဆုံးအဖြစ် စံချိန်တင်ထားတာကို ဒီဘရိုင်းနားက လိုက်မီခဲ့တာပါ။
မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူ ၃-၂ နော်တင်ဟမ်ဖောရက်စ်ပွဲမှာ ဘရူနိုဖာနန်ဒက်စ်က အသင်းအတွက် တတိယမြောက်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး အမ်ဘူမိုက သွင်းယူခဲ့ပါတယ်။
ဒါကြောင့် ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုက (၂၀)ပြည့်သွားခဲ့တာဖြစ်ပြီး မန်ယူအသင်းက ဒီရာသီမှာ သူ့ရဲ့ ဂိုးဖန်တီးမှုတွေကနေ (၂၁)မှတ်အထိ ရရှိခဲ့ကြောင်းလည်း သိရပါတယ်။
ဘရူနိုဖာနန်ဒက်စ်က ဒီရာသီ ပထမဆုံးဂိုးဖန်တီးမှုကို အောက်တိုဘာလမှာ ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာမှ စတင်ရယူနိုင်ခဲ့တာဖြစ်ပေမဲ့ သမိုင်းမှတ်တမ်းဝင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး လာမယ့် ဘရိုက်တန်နဲ့ပွဲမှာ ဂိုးဖန်တီးမှုထပ်လုပ်နိုင်ရင် စံချိန်သစ်ကို တစ်ဦးတည်း ပိုင်ဆိုင်နိုင်တော့မှာပါ။
”ကျွန်တော့်ရဲ့ ပေးပို့မှုကနေ ဂိုးသွင်းနိုင်ဖို့ အသင်းဖော်တွေက ကြိုးစားခဲ့ကြပါတယ်။ ဖန်တီးမှုပြုလုပ်နိုင်တဲ့အတွက်ရော အနိုင်ရတဲ့အတွက်ရော ဒီရာသီ ရပ်တည်မှုမြင့်မားစွာ အဆုံးသတ်နိုင်ခဲ့တဲ့အတွက်ရော ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ နောက်တစ်ပွဲ ကစားရဖို့ ရှိပါသေးတယ်။ ပရီးမီးယားလိဂ်မှာ ကျွန်တော် အများဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော် အရမ်းပျော်မှာပါ” လို့ ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။
