၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ကြောင်း သိရသည်။

ထိုသို့သတ်မှတ်ခဲ့သည့်အတွက် ပဲခူးတိုင်း တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ခြင်းကို မေ ၁၆ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအလိုက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

နှိုးဆော်ရာတွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းနေအရွယ် ကလေးအားလုံးကို ၂၀၂၆ ခုနှစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် အခမဲ့ ကျောင်းအပ်နှံနိုင်ကြောင်း၊ နိုင်ငံတော်အစိုးရက သင်ကြားရမည့် အတန်းအလိုက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် မေ ၂၅ ရက်မှစတင်၍ ကျောင်းအပ်လက်ခံနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလအတွင်း ကျောင်းအပ်နှံမည့်လုပ်ငန်းစဉ်များကို မေ ၁၆ ရက်က စုရပ်အလိုက် လက်ကမ်းစာစောင်များဖြန့်ဝေ၍ Campaing ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အမှတ် (၁)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်း(ခွဲ)ကျောင်း၊ အမှတ်(၃) ရပ်ကွက်ရှိ အမှတ် (၃)အခြေခံပညာအထက်တန်း (ခွဲ)ကျောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အောင်မြေရွှေဘုံ အထက်တန်းကျောင်းပတ်ဝန်းကျင်များရှိ ခရီးသွားပြည်သူများကို “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံစို့” လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *